spot_img
Saturday, February 28, 2026
More
    spot_img
    Homeသတင်းလောင်းလုံးမြို့နယ်နှင့်အနီးတဝိုက်တွင် လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခံရပြီး ဒေသခံများ ထိခိုက်သေဆုံးမှုရှိ

    လောင်းလုံးမြို့နယ်နှင့်အနီးတဝိုက်တွင် လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခံရပြီး ဒေသခံများ ထိခိုက်သေဆုံးမှုရှိ

    -

    တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်တို့က ယနေ့တွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် မွန်းလွှဲပိုင်းအချိန်အထိ ဒေသခံ ၂ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိထားသည်ဟု လောင်းလုံးမြို့ခံများထံမှ သိရသည်။

    ယနေ့ စက်တင်ဘာလ ၁၇ ရက်နေ့ နေ့လည် ၁၁ နာရီဝန်းကျင်အချိန်မှစ၍ လောင်းလုံးမြို့နယ် အပါအဝင်၊ သရက်ချောင်း၊ ထားဝယ်အရှေ့တော စသည့်ဒေသများသို့ Y 12 လေယာဉ်အမျိုးအစားဖြင့် ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်လာခြင်း ဖြစ်သည်။

    လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် လောင်းလုံးမြို့နယ်မှ ဒေသခံ ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် မွန်းလွှဲပိုင်းတွင် အမျိုးသား ၁ ဦးနှင့် သက်ကြီးပိုင်းအမျိုးသမီး ၁ ဦး သေဆုံးသွားခဲ့ရကြောင်း သိရသည်။

    ဓာတ်ပုံ- CJ

    “လောင်းလုံးမြို့နယ်ထဲက ၆ ယောက် ထိသွားတယ်လို့ ကြားတယ်ဗျ။ ဒီ ၆ ယောက်ထဲမှာဆို ၂ ယောက် က ဆုံးသွားပြီး။ ဆုံးသွားတဲ့ ၂ ယောက်က အဖွားအိုတစ်ယောက်နဲ့ အမျိုးသားတစ်ယောက်၊ သရက်ချောင်းဘက်မှာလည်း ထိသွားတာရှိတယ်။ လက်လှမ်းမမှီတော့ သေချာမသိရသေးဘူး”ဟု ပြောသည်။

    မွန်းလွှဲပိုင်းအချိန်တွင် ဗုံးကြဲတိုက်ခိုက်မှု ငြိမ်သက်သွားသော်လည်း စစ်ကော်မရှင် လေယာဉ်များ ဝေဟင်ပေါ်တွင် ပျံဝဲနေဆဲဖြစ်ကြောင်း မြို့ခံများက ပြောသည်။

    အမှတ် (၈) ပြည်ထောင်စုလမ်းမပေါ်ရှိ ရေဖြူ-သရက်ချောင်း-လောင်းလုံး-ထားဝယ်လမ်းပိုင်းကို တော်လှန်ရေးတပ်ဖွဲ့များ၏ ကန့်သတ်ပိတ်ဆို့မှုများကြောင့် သွားလာရေးခက်ခဲလာသည့် စစ်ကော်မရှင်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်ခြင်းဖြစ်နိုင်သည်ဟုလည်း တော်လှန်ရေးနှင့် နီးစပ်သည့် သတင်းအရင်းမြစ်က IMNA သို့ပြောသည်။

    “သူတို့ (စစ်ကော်မရှင်အဖွဲ့) က အဲလမ်းမကြီးအတိုင်း မသွားလာရဲကြတော့ဘူး။ ဒီဘက်ကို လာတိုက်ခိုက်မယ်ဆိုရင်လည်း ပင်လယ်လမ်းကနေ ဝင်တယ်။ လှေတွေ၊ သင်္ဘောတွေနဲ့ပဲ ဝင်လာနေရတယ်။ သူတို့သတင်းရလို့ဖြစ်မှာပေါ့၊ အခုသူတို့ကြဲတဲ့နေရာကလည်း PDF တွေ ရှိတာများတာပေါ့လေ။ ဒါပေမဲ့ ရမ်းသမ်းပြီး ကြဲသွားတာ။ ရွာလုံးကျွတ် ကြဲသွားတာမဟုတ်ဘူး။ ဟိုနေရာမှာတစ်လုံး၊ ဒီနေရာမှာ သုံးလေးလုံး အဲလိုမျိုးပေါ့။ သွားရင်းနဲ့ ပတ်ကြဲသွားတာ” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

    လောင်းလုံးမြို့နယ်အပြင် လေကြောင်းဖြင့် ဗုံးကြဲခံနေရသည့် သရက်ချောင်းမြို့နယ်နှင့် ထားဝယ်အရှေ့တောမှ ဒေသခံတို့ ထိခိုက်သေဆုံးမှုအခြေအနေကို IMNA မှ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

    လာမည့်ရက်ပိုင်းအတွင်း ထားဝယ်မြို့ပေါ်သို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် ၎င်း၏လက်အောက်ငယ်သားများ ထားဝယ်မြို့တော်ခန်းမ ဖွင့်ပွဲသို့ လာရောက်ရန်ရှိသည်ဟုလည်း သတင်းထွက်ပေါ်လျှက်ရှိသည်။

    ထားဝယ်မြို့အဝင်အထွက်နေရာများကို စစ်ကော်မရှင်တပ်တို့ ကင်းပုန်းဝတ်ပုံစံဖြင့် လျှိုဝှက်နေရာယူလျှက်ရှိပြီး တော်လှန်ရေးအင်အားစုများ မြို့နားသို့မဝင်ရောက်လာနိုင်ရန်လည်း စစ်ကော်မရှင်တပ်မှ စစ်ကြောင်းထိုးနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကော့သောင်းခရိုင်၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုကျားကြီးက IMNA နှင့် ယခင်ဆက်သွယ်မေးမြန်းချက်များတွင် ပြောဆိုထားသည်။

    ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်နေ့ကလည်း ထားဝယ်မြို့နယ် ပကာရီကျေးရွာရှိ ပက္ကန်းစင်ဘုန်းကြီးကျောင်းအား လေကြောင်းမှ ဗုံးကြဲတိုက်ကိုက်ခဲ့သည့်အပြင် စက်သေနတ်နှင့်ပါ ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သေးသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks