ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားများအဖြစ် အလုပ်အကိုင်နေသည့် မွန်ဇနီးမောင်နှံနှစ်ဦး ပြီးခဲသည့် စက်တင်ဘာလ ၁၆ ရက်နေ့က ဖွင့်လှစ်ခဲ့သော ထိုင်းအစိုးရထီတွင် ဘတ် ၆ သန်းဆုကို ကံထူးခဲ့ကြသည်ဟု သိရသည်။
ထီဆုပေါက်သူ ဇနီးမောင်နှံနှစ်ဦးသည် စမွတ်ဆာခွန်ခရိုင်၊ မဟာချိုင်မြို့ရှိ သံရည်ကြိုစက်ရုံတစ်ရုံတွင် အလုပ်လုပ်နေသူများဖြစ်ပြီး မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ဇာတိမှ မွန်လူမျိုးများဖြစ်ကြောင်း မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများမှ သိရသည်။

“သူတို့က မွန်ပြည်နယ်ထဲက မွန်ရွာတစ်ရွာမှ မွန်လူမျိုးတွေပဲဖြစ်တယ်။ သူတို့က ထိုင်းမှာအလုပ်လုပ်တာ အနှစ် ၂၀ ကျော်ကြာနေပြီး။ ၂၅ နှစ်လောက်တောင် ကြာနေပြီး။ ဒီမှာပဲနေနေတယ်” ဟု ထီပေါက်ကံထူးရှင်မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
နေအိမ်ရှေ့ လာရောက်ရောင်းချသည့် ထီသည်ထံမှ ထီထိုးနှံကံစမ်းရာမှ ကံထူးရှင်ဖြစ်သွားခဲ့ရကြောင်းလည်း သိရသည်။
ထီပထမဆုကံထူးခဲ့သည့် ဇနီးမောင်နှံမှ ဆုငွေထုတ်ယူရန် M.H.A.C (Myanmar Humanitarian Action Centre) မဟာမိတ်အဖွဲ့ထံ အကူအညီတောင်းခံခဲ့ကြသဖြင့်၊ အဖွဲ့တာဝန်ရှိသူ၏ ဦးဆောင်မှုဖြင့် စက်တင်ဘာ ၁၇ ရက်နေ့က ဆုငွေကူညီထုတ်ပေးခဲ့ပြီး အပြည့်အဝတိုက်ရိုက်လွဲပေးအပ်ခဲ့ကြောင်း ဆိုသည်။
“မနေ့ကပဲ သူတို့ကို နေ့ချင်းပြီး ဆုငွေ ဘတ် ၆ သန်းလုံး ထိုင်းအစိုးရဆီမှာ အခွန်ငွေ ပေးဆောင်ရတာကလွဲရင် အပြည့်အဝရတယ်။ အဲတာ သူတို့ ဒီငွေတွေကို မြန်မာပြည်မှာရှိတဲ့ မိဘတွေကန်တော့တယ် လိုအပ်တာတွေဝယ်တယ်” M.H.A.C မဟာမိတ်အဖွဲ့မှ တာဝန်ရှိသူကိုရဲမင်းက ပြောသည်။
M.H.A.C မဟာမိတ်အဖွဲ့အနေဖြင့် ထိုင်းထီဆုပေါက်ခဲ့တဲ့ မြန်မာအလုပ်သမားများကို ဆုကြေးငွေ ကူညီထုတ်ပေးခဲ့သည်မှာ နှစ်စောင်တွဲ ကံထူးရှင် ၇ ဦး အပါအဝင် ကံထူးရှင် စုစုပေါင်း ၅၈ ဦးအထိရှိနေပြီဟုလည်း ပြောပြချက်များအရ သိရသည်။
ပြီးခဲ့သည့် မေလ ၂ ရက်နေ့တွင် ထွက်ရှိခဲ့သည့် ထိုင်းအစိုးရထီကိုလည်း ပတ္တရားမြို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် ပဲခူးတိုင်း၊ ပဲခူးမြို့ဇာတိဖြစ်သည့် မြန်မာရွှေ့ပြောင်းလုပ်သား ဇနီးမောင်နှံနှစ်ဦးက အမြင့်ဆုံးထီဆု ဘတ် ၆,၀၀၀,၀၀၀ (မြန်မာငွေ ကျပ် သိန်း ၈၀၀၀ နီးပါး)ကို ကံထူးခဲ့သည်ကိုလည်း သိရသည်။