Home သတင်း ရွေးကောက်ပွဲဝင်ရန် မွန်တိုးတက်ရေးပါတီ ဘာတွေ ပြင်ဆင်နေသလဲ

ရွေးကောက်ပွဲဝင်ရန် မွန်တိုးတက်ရေးပါတီ ဘာတွေ ပြင်ဆင်နေသလဲ

စစ်ကော်မရှင်က ဦးဆောင်ကျင်းပသွားမည့် ရွေးကောက်ပွဲအပေါ် မွန်လူမျိုးကိုယ်စားပြုနိုင်ငံရေးပါတီ တစ်ခုဖြစ်သော မွန်တိုးတက်ရေးပါတီသည် ကရင်ပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်လျက်ရှိနေသည်။

အဆိုပါ ရွေးကောက်ပွဲတွင် အနိုင်ရရှိခြင်း ရှိ/မရှိက မဲဆန္ဒရှင် ပြည်သူအပေါ်မူတည်ကြောင်း၊ ယခင် ရွေးကောက်ပွဲများကဲ့သို့ အားပြိုင်မှု မတူဘဲ လူထု စိတ်ဝင်စားမှု အားနည်းကြောင်း မွန်တိုးတက်ရေးပါတီမှ မင်းထွန်းလွင်က ပြောသည်။

“ရွေးကောက်ပွဲ နိုင်တယ်၊ မနိုင်ဘူးဆိုတာက အဓိကတော့ မဲဆန္ဒရှင်အပေါ်မှာ မူတည်တယ်လေ။ သူတို့ရဲ့ ခံယူချက်၊ ယုံကြည်ချက်အပေါ်လည်း မူတည်သေးတယ်လေ။ နောက်ပြီးတော့ နိုင်တယ် မနိုင်ဘူးဆိုတာက အရင်တုန်းကနဲ့ မတူဘူးလေ အခုဟာက ခေတ်အခါကလည်း အခြေအနေ အချိန်အခါအလျှောက် သူ့ဟာသူ အပြောင်းအလဲတွေ ဖြစ်သွားတဲ့အခါကြတော့ ၂၀၂၀ နဲ့ မတူဘူး။ အားပြိုင်မှုက မတူဘူး။ မတူတဲ့အခါကြတော့ အားလုံးက ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု အားနည်းတယ်လေ၊ အားနည်းတဲ့အပေါ်မှာ မူတည်ပြီးတော့ ဦးတို့ ထောင်ထားတဲ့ ပါတီကိုပေါ့လေ မဲပေးနိုင်အောင်လည်းပဲ စည်းရုံးသွားဖို့ ရှိတယ်။ အဓိက-ကတော့ မဲဆန္ဒရှင် အပေါ်မှာ မူတည်တယ်၊ သူတို့ရဲ့ အသိဥာဏ်ပေါ့၊ သူတို့ အတွေးအခေါ်၊ အယူအဆပေါ် မူတည်ပြီးမှ နိုင်တယ် မနိုင်ဘူးဆိုတာက အဲဒါလည်း နည်းနည်း သက်ရောက်တာပေါ့နော်” ဟု ၎င်းက ပြောသည်။

လက်ရှိ နိုင်ငံရေး အခြေအနေများကြောင့် ကိုယ်စားလှယ်လောင်း ရွေးချယ်မှုတွင် အခက်အခဲများ ကြုံတွေ့ရကြောင်း၊ ပါတီရှင်သန်ရေးအတွက်သာ မဲဆန္ဒနယ်အချို့တွင် ကိုယ်စားလှယ်လောင်း ထည့်ထားကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ပထမပိုင်း ရွေးကောက်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

အခြားတစ်ဖက်တွင်လည်း စစ်ကော်မရှင်၏ သတ်မှတ်ရက်အထိ ပါတီဝင်ဦးရေမပြည့်မှီသည့် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) နှင့် ပါတီရုံးခန်အရေအတွက် မပြည့်မှီသည့် အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ် ပါတီ (DNP)၊ အမျိုးသမီးပါတီ (မွန်) နှင့် ပြည်ထောင်စု လယ်သမားအလုပ်သမားအင်အားစုပါတီ စုစုပေါင်းနိုင်ငံရေးပါတီ (၄) ပါတီကို နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းထားသည်။

ကရင်ပြည်နယ်မှာ မွန်တိုးတက်ရေးပါတီအနေဖြင့် မဲဆန္ဒနယ် ၃ ခုတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပြီး အခြေအနေရ ထပ်တိုး၍ ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း မင်းထွန်းလွင်က ပြောသည်။

“လက်ရှိကတော့ တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်၊ မွန်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ကရင်ပြည်နယ် တစ်ခု၊ နောက်ပြီးတော့ ပြည်သူ့လွှတ်တော် ဖားအံမြို့နယ် ပြည်သူ့လွှတ်တော် တစ်ခု၊ နောက်ပြီးတော့ ကော့ကရိတ်မြို့နယ် ပြည်သူ့လွှတ်တော် တစ်ခု အဲဒီ ၃ ခုကို လောလောဆယ် အားထည့်ထားတယ်။ ဒါပေမဲ့ အချိန်ရသေးတယ်။ အချိန်က ရသေးတယ် ၂၂ ရက်နေ့အထိ အချိန်ရတဲ့ အခါကြတော့ နောက်ပိုင်း တိုးချင်လည်း တိုးလာမှာပေါ့ အခြေအနေ အချိန်အခါကြည့်ပြီးတော့” ဟု ပြောသည်။

ပဋိပက္ခဖြစ်ပွားနေသော ကာလဖြစ်သောကြောင့် လုံခြုံရေးပိုင်းဆိုင်ရာ စိုးရိမ်ရသော်လည်း မိမိတို့၏ လုံခြုံရေးကို ကိုယ်တိုင်သာ တာဝန်ယူဆောင်ရွက်ရမည့် အခြေအနေဖြစ်နေကြောင်း ၎င်းက ပြောသည်။

မွန်တိုးတက်ရေးပါတီ (MPP) သည် ကရင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီ ဖြစ်ပြီး စစ်ကော်မရှင်က ၂၀၂၄ ခုနှစ်၊ ဧပြီ ၁ ရက်နေ့မှာ မှတ်ပုံတင်အမှတ် ၄၈ ဖြင့် မှတ်ပုံတင် ခွင့်ပြုထားသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.