spot_img
Monday, February 2, 2026
More
    spot_img
    Homeသတင်းစစ်ခေါင်းဆောင်၏ ထားဝယ်ခရီးစဥ်အတွက် ပြည်သူများကို လေကြောင်းဖြင့် ဗုံးကြဲသတ်ဖြတ်ဟု ဆို

    စစ်ခေါင်းဆောင်၏ ထားဝယ်ခရီးစဥ်အတွက် ပြည်သူများကို လေကြောင်းဖြင့် ဗုံးကြဲသတ်ဖြတ်ဟု ဆို

    -

    စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထားဝယ်ခရီးစဥ်သို့ အဆင်ပြေချောမွေ့စွာ လာရောက်နိုင်ရန်အတွက် အရပ်သားပြည်သူများကို လေကြောင်းဖြင့် ဗုံးကြဲသတ်ဖြတ်သည်ဟု ထားဝယ်ဒေသခံတို့က ဝေဖန်ပြောဆိုနေကြသည်။

    ယနေ့ စက်တင်ဘာလ ၁၈ ရက်၊ နံနက်ပိုင်းအချိန်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကော်မရှင်တာဝန်ရှိသူအချို့ နေပြည်တော်မှ ထားဝယ်မြို့သို့ လေကြောင်းဖြင့် ရောက်ရှိလာခဲ့သည်။

    စစ်ကော်မရှင်အဖွဲ့တို့ ထားဝယ်ခရီးစဉ်ကို မလာရောက်မီ တစ်ရက်အလို စက်တင်ဘာလ ၁၇ ရက်နေ့တွင် တနသႅာရီတိုင်းဒေသကြီးရှိ ထားဝယ်၊ သရက်ချောင်းနှင့် လောင်းလုံးမြို့နယ်အတွင်းက မြို့နှင့်နီးစပ်သည့် ကျေးရွာများကို စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    “သူတို့လာတာက ထားဝယ်မြို့မှာ မြိုးတော်ခမ်းမအသစ် ဆောက်ထားတာရှိတယ်။ အဲအခမ်းအနားကို မင်းအောင်လှိုင်က တက်မှာပေါ့နော်။ ပြီးတော့ တစ်ခြားကိစ္စတွေလည်း ရှိမှာပေါ့ ။ မြို့တော်ခမ်းမဖွင့်ပွဲလောက်နဲ့တော့ သူမလာလောက်ဘူး။ တစ်ခြားကိစ္စတွေလည်း ရှိနိုင်တယ်။ တစ်ခြားကိစ္စတွေကို လာရင်းနဲ့ အဲအခမ်းအနားတက်ရောက်လိုက်တဲ့ သဘောပဲလို့ မြင်တယ်” ဟု ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ ပြန်ကြားရေးတာဝန်ခံ ကိုဘွန်းက ပြောသည်။

    ယမန်နေ့က ထားဝယ်မြို့နယ်အတွင်းရှိ ပကာရီ၊ ပခပ်၊ ရေဝိုင်း၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ကင်းရှေ့၊ ဥတ္တူ၊ စော်ဖျား၊ မဲနယ်အိုးနှင့် လောင်းလုံးမြို့နယ်အတွင်းရှိ ဝေဒီ၊ သပြေရှောင်၊ ကြက်ယက်တွင်း၊ ကျောက်တွင်း စသည့် ကျေးရွာများကို စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

    အဆိုပါ တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ (၂) ဦး သေဆုံးပြီး (၁၀) နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၄) ဦးတို့ကလည်း ပြင်းဒဏ်ရာများ ရရှိခဲ့ကြသည်ဟု ဆိုသည်။

    “မင်းအောင်လှိုင်ခရီးစဉ်တစ်ခုအတွက်နဲ့ ပြည်သူတွေ နေတဲ့နေရာတွေကို ဗုံးကြဲတိုက်ခိုက်တာဟာ သူတို့အနေနဲ့ ပြည်သူတွေအပေါ်ကို ဘယ်လောက်ထိ ရက်စက်ယုတ်မာတယ်ဆိုတာကို ထင်ရှားတဲ့ သက်သေတစ်ခုပဲလေ” ဟု ကိုဘွန်းက ဆက်ပြောသည်။

    လက်ရှိအခြေအနေအရ ထားဝယ်မြို့အနီးမှလွဲ၍ နှစ်ဖက်စစ်ရေးတင်းမာမှုမရှိနေသည့် သာမန်အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများဘက်ကို အမှတ်မထင် လာရောက်ဗုံးကြဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

    “မနေ့က ဝေဒီ (ရွာ) မှာ သေသွားတဲ့လူတွေက ကိုယ်တွေ အိမ်ရှေ့နဲ့ နီးနီးလေးပဲ။ အရင်တုန်းက လေယာဉ်လာရင် ပေါ့ပေါ့ပဲ နေနေကြတယ်။ မပြေးကြဘူး။ နောက်ဆို လေယာဉ်သံကြားတာနဲ့ မပေါ့ဘဲ ဘေးကင်းရာဘက်ကို အရင်ပြေးမှ ရတော့မယ်။ ဖြစ်ခဲ့တဲ့နေ့ကတောင် ပေါ့ပြီး အိမ်မှာ နေနေတာ။ အခုဆို ကြောက်နေပြီ” ဟု လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

    ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ကလည်း ထားဝယ်မြို့အဝင် ကမြောကင်းတံတားဖွင့်ပွဲကို စစ်ကော်မရှင်အဖွဲ့မှ ထိပ်ပိုင်းခေါင်းဆောင်များ လာရောက်တက်ရောက်နိုင်ရန်အတွက် လောင်းလုံးမြို့နယ်ကို နယ်မြေရှင်းလင်းမှုများ လုပ်ဆောင်ခဲ့ပြီး ပြည်သူနေအိမ်များကိုလည်း စစ်ကော်ရှင်တပ်တို့က မီးရှိုးဖျက်ဆီးခဲ့သည့် ဖြစ်စဉ်ခဲ့ရှိသည်။

    လက်ရှိတွင်လည်း ထားဝယ်မြို့အနီးတစ်ဝိုက်နှင့် လောင်းလုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်တို့က နယ်မြေရှင်းလင်းသည့်ပုံစံဖြင့် စစ်ကြောင်းထိုး ဝင်ရောက်နေဆဲဖြစ်ပြီး အရပ်သားပြည်သူများကိုလည်း ဖမ်းဆီးသတ်ဖြတ်နေကြောင်း တော်လှန်ရေးအဖွဲ့တို့၏ ပြောပြချက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks