မွန်နှင့် ကရင်ပြည်နယ်ကို ဆက်သွယ်ထားသည့် ချောင်းနှစ်ခွ-ကြာအင်းဆိပ်ကြီး လမ်းပိုင်းတစ်လျှောက်တွင် စစ်ကော်မရှင်တပ်မှ အင်အားအများအပြားဖြန့်ကျက်ထားသည့်အပြင် နှစ်ဖက်တိုက်ပွဲများလည်း ဖြစ်ပွားနေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် စစ်ကော်မရှင်တပ်မှ ယမန်နေ့က စစ်ကြောင်းအင်အား ၁၀၀ ခန့်ဖြင့် အဆိုပါလမ်းပိုင်းအတွင်း ဝင်ရောက်လာသည့်အပြင် ချောင်းနှစ်ခွကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကော်မရှင်အဖွဲ့မှလည်း အင်အား ၁၅၀ ခန့်ရှိသည့် စစ်ကြောင်းတစ်ခုကို ဖြန့်ကျက်ထားသည်။
အဆိုပါ စစ်ကော်မရှင်စစ်ကြောင်းများသည့် ချောင်းနှစ်ခွ-ကြာအင်းဆိပ်ကြီး လမ်းပိုင်းပေါ်ရှိ သံပုရာရွာဘက်သို့ ဝင်ရောက်ရန်ကြိုးပမ်းနေသဖြင့် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များဖြစ်သည့် KNU, PDF ပူးပေါင်းတပ်များနှင့် ဒါလီတံတားအနီးတစ်ဝိုက်တွင် ပစ်ခတ်မှုဖြစ်နေကြောင်း ကြာအင်းဆိပ်ကြီး ဒေသခံတစ်ဦးက ပြောသည်။

“ဒါလီတံတားအနား ဒါလီမြစ်အစွန်းမှာပဲ တော်လှန်ရေးတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့တာ။ ဒါကြောင့် ပစ်ခတ်မှုဖြစ်ပွားနေတာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်နေတာ။ ဖြစ်နေတာက ၄ ရက်လောက်ရှိနေပြီး။ ခုဆို သံပုရာရွာကလူတွေရော အဲဒီအနီးကရွာတွေရော ပြေးနေကြရတယ်"ဟု သူကဆိုသည်။
ကြာအင်းဆိပ်ကြီးအခြေစိုက် တပ်စခန်းများအတွင်း၌ စစ်အင်အားများ ဖြည့်တင်းရန်အတွက် ယမန်နေ့ နေ့လည်ပိုင်းက လေယာဉ်ဖြင့် စစ်သားအင်အား ၆၀ ဦးခန့်ကို ပို့ဆောင်လာသည်ဟု ကြာအင်းဆိပ်ကြီးဒေသမှ စစ်ကော်မရှင်တပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
မြို့ခံများကို မလိုအပ်ဘဲ မြို့အပြင်မှမထွက်ရန် စစ်ကော်မရှင်က သတိပေးထားသည့်အပြင် အင်အားတိုးမြှင့်ထားသည့် အခြေအနေများကြောင့် ကြာအင်းဆိပ်ကြီးဒေသခံများကြား စိုးရိမ်းမှုမြင့်တက်နေပြီး သံပုရာကျေးရွာအပါအဝင် ရွာအနီးအနားရှိ ဒေသခံအများစုက ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး ဖြစ်ကြောင်းလည်း သိရသည်။
"ဇမိမြစ်ဒီဘက်က ရွာတွေဆီမှာ ရောက်သွားကြတယ်။ တချို့က အခြားနေရာတွေမှာ ရောက်တယ်။ မနေ့က ညက လဲပစ်ခတ်နေတယ်။ ဒီမနက် ၆နာရီ ၇ နာရီခန့်ကလဲ လက်နက်သံခဏကြားတယ်။ အခုက အနီးအနားက ဒေသခံတွေလဲ ကြောက်လန့်နေတယ်။ မနေ့က ကျောင်းလဲပိတ်ထားရတယ်” ဟု အထက်ပါဒေသခံက ပြောသည်။
စက်တင်ဘာလ ဒုတိယအပတ်မှစ၍ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွရွာတွင် တပ်စွဲထားသည့် စစ်ကော်မရှင်မှ အင်အားဖြည့်တင်းပြီးနောက် ဇမိမြစ်ဘေးရှိ သံပုရာကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေခဲ့သည်။
သံပုရာကျေးရွာအတွင်း လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေမှုကြောင့် ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့က အသက် ၅၀ အရွယ် နိုင်ဝင်းအောင်ဆိုသူ အမျိုးသားတစ်ဦး ကျည်စထိမှန် သေဆုံးခဲ့သည်ဟုလည်း သိရသည်။