ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့သို့ စစ်ကော်မရှင်တပ်က စစ်ကြောင်း သုံးကြောင်းထက်မနည်းဖြင့် စစ်ကြောင်းပြန်ထိုးလာသောကြောင့် တိုက်ပွဲများ နေ့စဉ်ပြင်းထန်နေကြောင်း သိရသည်။
ကျောက်မဲမြို့ကို ၁၀၂၇ စစ်ဆင်ရေးအတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး ဩဂုတ်လ နှောင်းပိုင်းမှ စတင်ကာ စစ်ကော်မရှင်က ပြန်လည်သိမ်းပိုက်နိုင်ရန် ကြိုးပမ်းလာခြင်း ဖြစ်သည်။

TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက “ကျောက်မဲမှာ ကျွန်မတို့နဲ့ စစ်တပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ ကျွန်မတို့ဘက်ကလည်း ခုခံမှုတွေ လုပ်နေပါတယ်။ ဟုတ်ကဲ့ လေယာဉ်လဲ ပါပါတယ်။ သူတို့ဘက်က လေကြောင်းကနေ ဗုံးကြဲတာတွေ ရှိပါတယ်။”ဟု ဆိုသည်။
လက်ရှိတွင် စစ်ကော်မရှင် စစ်ကြောင်းများသည် ကျောက်မဲမြို့အနီးရှိ ခိုက်တုန်ဟုန်းကျေးရွာအနီးထိ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
စစ်ကော်မရှင်က နောင်ချိုမြို့နှင့် ဂုတ်ထိပ်တံတားအား သိမ်းပိုက်ပြီးနောက် ကျောက်မဲ၊ သီပေါ ဒေသများကို ပြန်လည်တိုက်ခိုက် သိမ်းယူမည်ဟု TNLA နှင့် တရုတ်နိုင်ငံ၌ တွေ့ဆုံစဉ်တွင် ပြောဆိုခဲ့ကြောင်း စုံစမ်းသိရှိရသည်။
CDM ဗိုလ်ကြီး ဇင်ယော်က “ကျောက်မဲက အခု အရင် အတိုက်ခံရတာပေါ့နော်။ ကျောက်မဲနဲ့ သီပေါက အခု သူတို့ရဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ လျာထားချက်ထဲမှာလည်း ပါနေတော့ မဖြစ်မနေကို ပြန်တိုက်ယူမယ့် သဘောမှာ ရှိတယ်။ ခံစစ်နဲ့ပဲ ဆိုရင်တော့ အနှေးနဲ့အမြန်ပါပဲ လက်လွှတ်ရနိုင်တဲ့အခြေအနေရှိတယ်။”ဟု သုံးသပ်ပြောဆိုသည်။
စစ်ကော်မရှင်၏ စစ်ကြောင်းတွင် တပ်မ ၅၅ နှင့် စစ်မှုထမ်းသင်တန်းဆင်းများ၊ ဒရုန်းတပ်များ ပါဝင်ကြောင်း သိရသည်။ ဩဂုတ်လ ဆွေးနွေးပွဲများ မတိုင်ခင်ကလည်း စစ်ကော်မရှင်က ကျောက်မဲမြို့ပေါ်ရှိ အရပ်သားနေအိမ်များအပေါ် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားသေဆုံးမှုများလည်း ရှိခဲ့သည်။