spot_img
Sunday, March 1, 2026
More
    spot_img
    Homeသတင်းတောင်းရမ်းစားသောက်သည့် ကလေးငယ်များ လျော့နည်းရန် ဆောင်ရွက်စေလိုကြောင်း မော်လမြိုင်မြို့ခံများဆို

    တောင်းရမ်းစားသောက်သည့် ကလေးငယ်များ လျော့နည်းရန် ဆောင်ရွက်စေလိုကြောင်း မော်လမြိုင်မြို့ခံများဆို

    -

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရှိ လူစုဝေးရာနေရာများတွင် တောင်းရမ်းစားသောက်နေသည့် ကလေးငယ်များ လျော့နည်းလာရန် စီမံဆောင်ရွက်ပေးစေလိုကြောင်း မြို့ပေါ်နေပြည်သူများက တောင်းဆိုနေကြသည်။

    စားသောက်ကုန်ဈေးနှုန်း မြင့်တက်လာပြီး နေ့စဉ်စားဝတ်နေရေးအကြပ်အတည်းများကြောင့် တောင်းရမ်းစားသောက်သည့်ကလေးငယ်များ မော်လမြိုင်မြို့ပေါ် နေရာအနှံ့တွင် ပိုမိုများပြားလာနေပြီး ထူးဆန့်သည့်အပြုအမူများကြောင့် လမ်းသွားလမ်းလာများ အနှောင့်အယှက်ဖြစ်နေရကြောင်း သိရသည်။

    တောင်းရမ်းစားသောက်နေရသည့် ကလေးငယ်များ၏ နောက်ကွယ်တွင် စေခိုင်းသူနေသူတစ်ချို့ရှိနေပြီး အဆိုပါ သတ်မှတ်ထားသည့်ငွေကြေးပမာဏအတိုင်း တောင်းရမ်းမရရှိပါက အနာတရဖြစ်သည်အထိ ညှင်းပန်းနှိပ်စက်ခံနေရခြင်းကြောင့် အရေးယူရန်သင့်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

    “သူတို့ကို နောက်ကွယ်က ထိန်းချုပ်ထားတဲ့သူတွေရှိတယ်။ တောင်းရမ်းထားတဲ့ငွေက ကလေးတွေအတွက် ဘယ်လောက်ပေးမလဲဆိုတာကို ညနေကျရင်ခွဲပေးတယ်။ တောင်းလို့ရတဲ့ငွေတွေကို ကလေးတွေက သုံးစွဲခွင့်မရှိဘူး။ သူတို့အနောက်ကနေ လိုက်ကြည့်နေတယ်။ သုံးမိရင်တော့ အရိုက်ခံထိမှာပဲ။ အကယ်လို့ သတ်မှတ်ထားတဲ့ ငွေကြေးပမာဏအတိုင်းမရရင် ကလေးတွေရိုက်ခံထိပေါ့။” ဟု ဆိုသည်။

    စစ်အာဏာမသိမ်းခင်ကပင် တောင်းရမ်းစားသောက်သူများနေသည့် မော်လမြိုင်ကမ်းနားလမ်း၊ တောင်ဝိုင်း၊တက္ကသိုလ်ကုန်းထိပ်အရပ်၊ တောင်ပေါ်လမ်းနှင့် လမ်းစုံမီးပွိုင့်နေရာများတွင် ဧည့်သည်များနှင့် လမ်းသွားလမ်းလာများ အနှောင့်ယှက်ဖြစ်သည်အထိ အတင့်ရဲလာကြောင်း ဆက်ပြောသည်။

    ကလေးငယ်များသည် တစ်ဦးလျှင်အနည်းဆုံး ငွေကျပ်သောင်းဂဏန်းပြည့်သည်အထိ တောင်းခံရမည်ဖြစ်ပြီး  တောင်းရမ်းရရှိသည့်ငွေများမှ မုန့်ဖိုးအနည်းငယ်သာ ရရှိကြောင်းလည်း သိရသည်။

    အထူးသဖြင့် မိဘမဲ့ကလေးများ၊ စားဝတ်နေရေးအဆင်မပြေလည်သည့် မိသားစုမှကလေးများနှင့် မိသားစုနှင့် စစ်ဘေးရှောင်ရင်းတကွဲတပြားဖြစ်ခဲ့ရသည့် ကလေးသူငယ်တို့လည်း ပါဝင်နိုင်ကြောင်း အခြားမော်လမြိုင်မြို့ခံတစ်ဦးက ဆိုသည်။

    “ကလေးတွေ ဒီလောက်အထိခံနေရတာတောင် သက်ဆိုင်သူတွေ ဘာမှမလုပ်ပေးသေးဘူးဆိုတာက တော်တော့်ကိုလွန်တာပေါ့နော်။ ဒီကိစ္စက ဈေးဝယ်သူတွေ၊ ပြည်သူတွေအတွက်လည်း အနှောင့်ယှက်ဖြစ်တယ်။ သူတို့တောင်းလာလို့ ကိုယ်ကမပေးရင် လူ့အမြင်မှာတစ်မျိုးဖြစ်သွားပြန်။ သူတို့ကိုအော်လိုက်ရင်လည်း သနားရပြန်။ ကလေးတွေကလည်း တော်တော့်ကို အရဲတင်းလာကြတယ်။” ဟုဆိုသည်။

    အသက်မပြည့်သည့် ကလေးငယ်များကို တောင်းရမ်းစေခိုင်းခြင်းသည် ၂၀၁၉ ခုနှစ်က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေများအရ ပြစ်မှုထင်ရှားပါက ထောင်ဒဏ်(သို့မဟုတ်) ငွေဒဏ် ချမှတ်ခံရနိုင်ကြောင်းလည်း ဖော်ပြထားသည်။

    စစ်ကော်မရှင်ခန့် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကလေးလုပ်သားပပျောက်အောင် လုပ်ဆောင်သွားမည်ဟု လုပ်ငန်းညှိနှိုင်းအစည်းဝေးများတွင် မကြာခဏ ပြောဆိုနေသော်လည်း မြေပြင်တွင် ကလေးငယ်များ ကြုံတွေ့နေရသည့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ပေးသည့် အရိပ်အယောင် မရှိသေးပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks