တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ရာဖူးရွာသစ်( ခေါ်) ကွက်သစ်ရပ်ကွက်ရှိ နေအိမ်ကျင်းတစ်ခုအတွင်း ခုတ်ထစ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း ရေဖြူဒေသခံများထံမှ သိရသည်။
ရာဖူးကျေးရွာအုပ်စုအတွင်းသို့ စစ်ကော်မရှင်အဖွဲ့မှ စစ်ကြောင်းထိုးပြီးနောက် ပြန်လည်ထွက်ခွာသွားစဉ် ရွာအခြေအနေဝင်ရောက်ကြည့်ရှု့သည့် ဒေသခံများက ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်နေ့က တွေ့ရှိခဲ့ခြင်းဖြစ်သည်။
သေဆုံးခဲ့သူနှစ်ဦးသည် အသက် ၂၅ နှင့် ၃၀ ကြားအရွယ်ရှိသည့် လူငယ်များဖြစ်ပြီး ရာဖူးရွာသစ်ဒေသခံများ မဟုတ်သည့် ရွှေ့ပြောင်းခြံလုပ်သားများ ဖြစ်ကြောင်းလည်း ဆိုသည်။

“ရွားသားတွေက ရွာကိုပြန်ဝင်သွားတဲ့အချိန်မှာ အလောင်းနှစ်လောင်းကိုတွေ့သွားတာ။ တစ်ယောက်က ဦးခေါင်းကိုပါ သူတို့ဖြတ်ပြီးတော့ ပစ်ချထားတယ်။ ထားဝယ်ကလို့ပြောတာပဲ သူတို့က ခြံအလုပ်လာလုပ်နေတာ ရွာခံမဟုတ်ဘူး။" ဒေသခံအမျိုးသားတစ်ဦး က ပြောသည်။
အဆိုပါ ရုပ်အလောင်းများကို ဒေသခံများက စက်တင်ဘာလ ၁၅ ရက်နေ့က မီးသဂြိုဟ်ပေးခဲ့သည်။
တိုက်ပွဲပိုမိုပြင်းထန်ခဲ့သည့် သြဂုတ်လ နောက်ဆုံးအပတ်မှစ၍ ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာထက်မနည်းမှ ဒေသခံများ နေရပ်စွန့်ခွာ၍ စစ်ဘေးတိမ်းရှောင်ခဲ့သော်လည်း သက်ကြီးရွယ်အိုနှင့် ရွေ့ပြောင်းသွားလာရန် ခက်ခဲသည့် ဒေသခံအနည်းစုသာ ကျေးရွာအနီးတစ်ဝိုက်တွင် ကျန်ရှိနေခဲ့သည်။
ကျေးရွာအတွင်း စစ်ကော်မရှင်အဖွဲ့များသာ ဝင်ထွက်သွားလာနေသဖြင့် အဆိုပါ အမျိုးသားနှစ်ဦးသည် စစ်ကော်မရှင်စစ်ကြောင်းအဖွဲ့ထံ သတ်ဖြတ်ခံထားရခြင်း ဖြစ်နိုင်ကြောင်းလည်း ရွာခံများက သုံးသပ်သည်။
တစ်ရွာမှတစ်ရွာသို့ စစ်ကြောင်းထိုးဝင်ရောက်နေသည့် စစ်ကော်မရှင်စစ်ကြောင်းအဖွဲ့မှ ရေဖြူဒေသခံများကို ဖမ်းဆီးခေါ်ဆောင်ပြီး လူသားဒိုင်အဖြစ်အသုံးပြုခြင်း၊ ဒေသခံနေအိမ်များကို ဖောက်ထွင်းပြီး တန်ဖိုးကြီးပစ္စည်းများကို ယူဆောင်ခြင်းတို့ လုပ်ဆောင်လျှက်ရှိသည်။
ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံများကို ၎င်းတို့အကာအကွယ်အတွက် အသုံးပြုသည့်အပြင် ရိုက်နှက်နှိပ်စက်မှုများလည်း လုပ်ဆောင်ပြီး ပြန်လည်လွတ်မြောက်လာသူများရှိသလို ပျောက်ဆုံးနေသူများလည်း ရှိသည်။
လက်ရှိတွင် တိုက်ပွဲနှင့် လုံခြုံရေးအခြေအနေ မငြိမ်သေးသော်လည်း စစ်ဘေးရှောင် ရေဖြူဒေသခံအချို့ စားဝတ်နေရေးအခက်ခဲကြောင့် နေရပ်သို့ပြန်လာကြပြီး လုပ်ငန်းများ ပြန်လည်လုပ်ကိုင်နေကြသည်။
“ စစ်တပ်တွေကသူတို့ စစ်ကြောင်းပြန်ထိုးတက်ဖို့ ရှိတယ်ဆိုတော့ တော်လှန်ရေးအဖွဲ့တွေနဲ့ဆုံရင် ပြန်ဖြစ်လာမှာဆိုတော့ ဒေသခံတွေ သတိထားနေရတယ်။ မဖြစ်မနေပြန်ရမှာမလို့ သူတို့ပြန်သွားတာ တစ်ချို့တွေက ရှောင်ရတာ ကြာလာရင် စားစရာမရှိတော့ဘူးလေ။ အဲ့ကြောင့် ရွာပြန်ပြီးအလုပ်ပြန်လုပ်ကြတာ ထပ်ဖြစ်ရင် ထပ်ရှောင်ပေါ့ စားဖို့အတွက်တော့ နည်းနည်းပါးပါရတာပေါ့” ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကော်မရှင်တပ်ဖွဲများသည် ရာဖူးကျေးရွာသို့မဝင်မီ လက်နက်ကြီးဖြင့် ရှင်းလင်းပစ်ခတ်နေမှုကြောင့် ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်နေ့က ရွာလယ်ရှိနေအိမ်တစ်လုံးပေါ် ကျည်ကျရာက်ပေါက်ကွဲပြီး ကလေးတစ်ဦးသေဆုံးကာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။


