မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ သထုံခရိုင်တရားရုံးမှ အမှုစစ်ဆေးပြီးနောက် အချုပ်သားများကို စစ်ကော်မရှင်ရဲတပ်ဖွဲ့မှ ဈေးမသွယ်ထောင်သို့ ခေါ်ဆောင်သွားစဉ် အချုပ်သားအချို့ ထွက်ပြေးလွတ်မြောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယမန်နေ့ စက်တင်ဘာ ၁၅ ရက်နေ့ ညနေပိုင်း ၄ နာရီခန့်က သထုံခရိုင်တရားရုံမှ အမှုစစ်ဆေးပြီး ပြစ်ဒဏ်ချမှတ်ခံထားရသည့် အချုပ်သားများကို ရဲအချုပ်ကားတစ်စီးဖြင့် ဈေးမသွယ်ထောင်သို့ခေါ်ဆောင်သွားစဉ် ထောင်အဝင်ဝအရောက်တွင် ထွက်ပြေးလွတ်မြောက်မှု ဖြစ်ခဲ့သည်။
ထွက်ပြေးခဲ့သည့် အချုပ်သားအများစုကို သထုံမြို့ပေါ်ရှိ စစ်ကော်မရှင်ရဲတပ်ဖွဲ့များမှ ချက်ချင်း ပြန်လည်ဖမ်းဆီးနိုင်ခဲ့သော်လည်း ယနေ့အထိ ၄ ဦးထက်မနည်း လွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။

“ အမှုစစ်ပြီးတော့ အချုပ်သားတွေကို ရဲအချုပ်ကားနဲ့ ဈေးမသွယ်ထောင်ဆီကို ပြန်ခေါ်လာတယ်။ အဲဒီဈေးမသွယ်ထောင်အဝင်ဝကို ရောက်သွားတဲ့အခါကျတော့ ကားဘေးထိုးပြီးတော့ အချုပ်သားတွေချတဲ့အခါမှာ အဲဒီကားထဲကနေထွက်ပြေးတာ။ သေချာသိတာက အဲဒီထဲမှာ ပေါင်မြို့နယ်က လူသတ်မှုတရားခံတစ်ဦးပါတယ်” ဟု ပေါင်မှ စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
အဆိုပါထွက်ပြေးသူများထဲတွင် ပေါင်မြို့နယ် သဲကုန်းကျေးရွာမှ လူသတ်မှု တရားခံတစ်ဦးလည်း ပါဝင်နေကြောင်း စစ်ကော်မရှင်အဖွဲ့နှင့် နီးစပ်သည့် ပေါင်ဒေသခံတစ်ဦးက ဆိုသည်။
လတ်တလောတွင် သထုံမြို့ပေါ်ရဲတပ်ဖွဲ့များနှင့် စစ်ကော်မရှင်တပ်သားများက လွတ်မြောက်သွားသည့် အချုပ်သားများကို သထုံမြို့အဝင်အထွက်နှင့် ရပ်ကွက်များအတွင်း စုံစမ်းဖမ်းဆီးမှု အလောတကြီး လုပ်ဆောင်နေသည်။
ထွက်ပြေးလွတ်မြောက်သည့် အချုပ်သားများအနက် လူသတ်မှုတရားခံများပါရှိနေသဖြင့် ဒေသခံများအကြား စိုးရိမ်မှုရှိနေကြောင်းလည်း ဆိုသည်။
“ရဲတွေက ပေါ့ဆတယ် လူသတ်မှုတရားခံတွေက ပါသွားတဲ့အတွက် မလုံခြုံဘူးပေါ့ ပြည်သူတွေဘက်က။ သတိထားပြီး နေရမယ်”ဟု သထုံဒေသခံတစ်ဦးက ဆိုသည်။
ကျိုက်ထို၊ ဘီလင်း၊ ပေါင်နှင့် သထုံမြို့ပေါ်မှ အပြစ်ကျူးလွန်သူများကို သထုံခရိုင်တရားရုံးတွင် တရားစီရင်မှုလုပ်ဆောင်ပြီးနောက် ပစ်ဒဏ်ချမှတ်ခံရသူများကိုလည်း ဈေးမသွယ်ထောင်သို့ ပို့ဆောင်လေ့ရှိသည်။
စစ်အာဏာသိမ်းပြီးနောက် သထုံ ဈေးမသွယ်ထောင်အတွင်းရှိ အကျဉ်းသားများ လူ့အခွင့်အရေးချိုးဖောက်ခံနေရပြီး ထောင်ဝင်စာ လာရောက်တွေ့ဆုံသူများကို အကြောင်းမဲ့ ဖမ်းဆီးမှုများလည်း လုပ်ဆောင်လျှက်ရှိကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်နေသူများထံမှ သိရသည်