spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းနေအိမ်ဖောက်ထွင်းခံထားရမှုကြောင့် ရေဖြူဒေသခံများ ဆုံးရှုံးမှုများနေ

    နေအိမ်ဖောက်ထွင်းခံထားရမှုကြောင့် ရေဖြူဒေသခံများ ဆုံးရှုံးမှုများနေ

    -

    တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ကျေးရွာများမှ ဒေသခံများ စစ်ဘေးရှောင်နေစဉ် နေအိမ်များကို စစ်ကော်မရှင်တပ်ဖွဲ့တို့ ဖောက်ထွင်းမွှေ‌နှောက်ထားပြီး တန်ဖိုးရှိသည့်ပစ္စည်းများအားလုံး ယူဆောင်သွားခဲ့သဖြင့် ဆုံးရှုံးမှုများနေကြောင်း ရေဖြူဒေသခံများက ဆိုသည်။

    ကလိန်အောင်-မလွှဲတောင်လမ်းပိုင်းတွင် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကော်မရှင်တပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်းလာသည့် သြဂုတ်လဆန်းပိုင်းမှစ၍ ကျေးရွာ ၁၀ ရွာထက်မနည်းမှ ဒေသခံ ၅၀၀၀ ကျော် စစ်ဘေးရှောင်နေရသည်။

    စစ်ဘေးရှောင်နေစဉ် မရမ်းချောင်း၊ သာယာမွန်၊ ရာဖူး၊ ကျွဲတလင်း စသည့် ကျေးရွာ ၄‌ ရွာမှ နေအိမ်အားလုံးနီးပါးကို စစ်ကော်မရှင်တပ်သားများက ဖောက်ထွင်းထားခြင်းဖြစ်ပြီး စက်ပစ္စည်းအရောင်းဆိုင်၊ အထည်ဆိုင်၊ ကုန်စုံဆိုင်၊ နေအိမ်အတွင်းရှိ ဆိုင်ကယ်နှင့် အခြားတန်းဖိုးရှိသည့် ပစ္စည်းများကို ကားဖြင့် သယ်ယူဆောင်သွားခဲ့ကြောင်း ရေဖြူစစ်ဘေးရှောင်တစ်ဦးက ဆိုသည်။

    “ သူတို့နေအိမ်ကိုဖောက်ပြီး မွှေနှောက်ထားတာ အိမ်မှာ ခြေနင်းချစရာနေရာတောင်မရှိဘူး၊ ဆိုင်ကယ်ဆို အစီး ၂၀ ကျော်တယ် ယူသွားတာ၊ ကျနော့်အိမ်ဆို ဆိုလာပြားတွေ ဘက်ထရီတွေကအစ စားစရာတောင်မကျန်ဘူး၊ နေအိမ်တွေ အကုန်လုံးနီးပါးက ဖောက်ခံလိုက်ရတာပဲ ဆုံးရှုံးတဲ့အရေအတွက်ကတော့ အနည်းများတော့ကွာတာပေါ့ ရွာအစွန်းဘက်မှာရှိတဲ့အိမ်ဆို ပိုဆိုးတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

    နေအိမ်အတွင်းရှိ ပစ္စည်းများအပေါ်မူတည်၍ ဆုံးရှုံးမှုတန်ဖိုးကွဲပြားသော်လည်း အိမ်တစ်အိမ်လျှင် အနည်းဆုံးသိန်း ရာကျော်အထိဆုံးရှုံးနေကြောင်းလည်း ဆိုသည်။

    ဒေသခံပြည်သူများ၏ နေအိမ်ဖောက်ထွင်းခြင်းသည် နိုင်ငံတကာ စစ်ရာဇဝတ်မှုဥပဒေအရ လက်နက်ကိုင်ပဋိပက္ခအတွင်း ပါဝင်တိုက်ခိုက်သူများ အများပြည်သူပိုင်ပစ္စည်းများကို လေးစားရမည်ဟူသည့် ဥပဒေကို ချိုးဖောက်သည့် လုပ်ရပ်အဖြစ် သတ်မှတ်နိုင်ကြောင်း သိရသည္။

    လက်ရှိတွင် တိုက်ပွဲအခြေအနေအနည်းငယ်ငြိမ်သက်လာသဖြင့် စစ်ဘေးရှောင်အချို့ နေရပ်ပြန်လာသူများရှိသလို အခြေအနေစောင့်ကြည့်နေသူများလည်း ရှိကြောင်း ဒေသခံ အမျိူးသားတစ်ဦးက ပြောသည်။

    “ တိုက်ပွဲကလဲ အခုတလော ငြိမ်နေတယ်ဆိုတော့ ရွာကိုပြန်လာတာ။ နောက်ပြီးတော့လဲ အိမ်ခြေနေကိုလဲ ပြန်ကြည့်ချင်လို့ အိမ်တွေက လူမရှိရင် ပိုပျက်ဆီးသွားမှာ စိုးရိမ်နေကြတာ၊ ညဘက်ဆို ကိုယ့်အိမ်မှာတော့ မအိပ်ရဲကြဘူး။ ခုလောလောဆယ်က ဘုန်းကြီးကျောင်းမှာ အိပ်တယ်၊ တချို့ကလဲ လူတွေစုပြီး အိပ်နေကြတယ်” ဟု ပြောသည်။

    စစ်ကော်မရှင်တပ်ဖွဲ့များက ရေဖြူမှ စစ်ဘေးရှောင်နေသူများကို ကျေးရွာအတွင်းသို့ ပြန်လည်နေထိုင်ရန် ဖိအားပေးလျှက်ရှိပြီး ပြန်လည်နေထိုင်ခြင်းမပြုသည့် နေအိမ်များကို တော်လှန်ရေးတပ်ဖွဲ့နှင့် ပတ်သတ်ဆက်နွယ်သည့် နေအိမ်အဖြစ် သတ်မှတ်၍ မီးရှို့ဖျက်ဆီးသွားမည်ဟုလည်း ခြိမ်းခြောက်ပြောဆိုထားသည်။

    စစ်ကော်မရှင်တပ်တို့သည် သာယာမွန်ရွာမှ ရာဖူး၊ ကျွဲသလင်းနှင့် လော့သိုင်းရွာဘက်သို့ ယနေ့အထိ တောက်လျှောက် စစ်ကြောင်းထိုးလျှက်ရှိသည်။

    ရေဖြူမြို့နယ်တွင် စစ်ကော်မရှင်တပ်ဖွဲ့မှ ၎င်းတို့ စစ်ကြောင်းထိုးနေသည့် မလွှဲတောင်-ကလိန်အောင် လမ်းပိုင်းရှိ နေအိမ်များကို ဖောက်ထွင်းဖျက်ဆီးနေသည့်အပြင် ကျေးရွာဒေသခံများကို မကြာခဏ ဖမ်းဆီး၍ လူသားဒိုင်အဖြစ် အသုံးပြုနေကြောင်း သိရသည်။

    တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂ လတာအတွင်း ရေဖြူဒေသခံများကို ၅ ကြိမ်ထက်မနည်း ဖမ်းဆီးခေါ်ဆောင်ပြီး ပြန်လည်လွှတ်ပေးသူများရှိသလို ပျောက်ဆုံးနေသူများလည်းရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks