spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ်၊ ဖာလိန်ဒေသအုပ်ချုပ်ရေးမှူး ၂ ဦး တစ်ရက်တည်းတွင် ပစ်သတ်ခံရ

    ရေးမြို့နယ်၊ ဖာလိန်ဒေသအုပ်ချုပ်ရေးမှူး ၂ ဦး တစ်ရက်တည်းတွင် ပစ်သတ်ခံရ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဖာလိန်ဒေသအတွင်းရှိ အံဒင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ငါးမျှားစခန်းရွာ (အံဒင်ရွာသစ်) အုပ်ချုပ်ရေးမှူး ၂ ဦးတို့ ယမန်နေ့ညက တစ်ချိန်တည်းတွင် ပစ်သတ်ခံရပြီး သေဆုံးသွားခဲ့ရသည်ဟု သတင်းအရင်းမြစ်များမှ သိရသည်။

    ယမန်နေ့ စက်တင်ဘာလ ၁၄ ရက်နေ့  ည ၇ နာရီအချိန်ခန့်က  နှီးနှူရွာသားဖြစ်သည့် အံဒင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး ကိုရွှေအဆိုသူနှင့် ငါးမျှားစခန်းအုပ်ချုပ်ရေးမှူး (ရပ်ကွက်ခေါ်) နိုင်အနော့ဆိုသူတို့သည် ၎င်းတို့၏နေအိမ်အသီးသီး၌ ရှိနေစဉ် အမည်မသိ သေနတ်သမားများက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

    ပစ်သတ်ခံရမှုကြောင့် အသက် ၅၀ ဝန်းကျင်အရွယ်ရှိ ကိုရွှေအနှင့် အသက် ၆၀ ဝန်းကျင်အရွယ်ရှိ နိုင်အနော့တို့ အခင်းဖြစ်ပွါးရာနေရာအသီးသီးတွင်ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

    “နှစ်ယောက်လုံးက တစ်ညထဲ တစ်ချိန်ထဲမှာပဲ ပစ်သတ်ခံရတာ။ နှီးနှူအုပ်ချုပ်ရေးမှူးက အိမ်မှာရေချိုးနေတဲ့အချိန် ပစ်ခံထိတာ။ ဘာကြောင့် ပစ်လိုက်တာလဲ ဆိုတာတော့ ကျနော်တို့လည်း သေချာမသိဘူး။ သူတို့က စကစကို သတင်းတွေလိုက်ပေးနေတယ်လို့ ကြားတာပဲ။”ဟု ဆိုသည်။

    အဆိုပါ အုပ်ချုပ်ရေးမှုးနှစ်ဦး ပစ်သတ်ခံရသည့် ညပိုင်းမှာပင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်တို့ ရောက်ရှိလာပြီး ကျည်ဆံများကို သိမ်းဆည်းကာ ၎င်းတို့၏ ရုပ်အလောင်းကိုလည်း ရေးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု နီးစပ်သူတို့က ပြောသည်။

    သေဆုံးခဲ့ရသည့် အံဒင်ကျေးရွာအုပ်စု  အုပ်ချုပ်ရေးမှုး ကိုရွှေအဆိုသူသည် ယခင်က လူသတ်မှုဖြင့် မွန်ပြည်သစ်ပါတီထံတွင် ထောင်ကျခဲ့ဖူးသည့်အပြင် အစိုးရထံတွင်လည်း ဖမ်းဆီးခံခဲ့ရဖူးသူဖြစ်ကြောင်း သိရသည်။

    ဖမ်းဆီးခံရပြီးနောက် နှီးနှူကျေးရွာအတွင်း ဆက်လက်နေထိုင်လာစဉ် အုပ်ချုပ်ရေးမှုးအဖြစ် ခန့်အပ်ခံထားရကြောင်းလည်း သိရသည်။

    ယမန်နေ့ညက ပစ်သတ်ခံရသည့် နိုင်အနော့ဆိုသူလည်း စစ်အာဏာသိမ်းပြီးနောက် အုပ်ချုပ်ရေးမှုးအဖြစ်မှ ရပ်နားထားသည်ဟု ဆိုသော်လည်း အုပ်ချုပ်ရေးလုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။

    ပစ်ခတ်ခံရမှုနှင့် ပတ်သတ်၍ ရေးဒေသအတွင်းရှိ မည်သည့်လက်နက်ကိုင်တော်လှန်ရေးဖွဲ့အစည်းမှ ထုတ်ပြန်ထားခြင်းမရှိသေးသည့်အပြင် IMNA မှလည်း ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

    စစ်ကော်မရှင်အဖွဲ့မှ ယနေ့စက်တင်ဘာ ၁၅ ရက်နေ့ နံနက်ပိုင်းအထိ ဒေသခံများကို  ဝင်ထွက်ခွင့်မပြုဘဲ ပိတ်ဆို့စစ်ဆေးမှုများကို လုပ်ဆောင်နေကြောင်း  ဆိုကြသည်။

    ပြီးခဲ့သည့် ဇူလိုင် ၁၂ ရက်နေ့ကလည်း ဖာလိန်ဒေသ၊ ဒူးယားကျေးရွာနေ အသက် ၅၀ ဝန်းကျင်ရှိ (ရပ်ကွက်ခေါ်) ကိုကရင်ဆိုသည့် ပြည်သူ့စစ်တစ်ဦးကို အမည်မသိသေနတ် သမားတို့က လာရောက်ပစ်သတ်ခဲ့သေးသည်။

    ရေးမြို့နယ်အတွင်းတွင်လည်း ဒေသတွင်းအခြေစိုက်တော်လှန်ရေးပူးပေါင်းတပ်တို့က စစ်ကော်မရှင် သတင်းပေးများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့်  ဌာနဆိုင်ရာရုံးဝန်ထမ်းများကို  မကြာခဏ ပစ်ခတ်ရှင်းလင့်လေ့ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks