spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းဒေသထွက်သစ်သီးများ နည်းပါးသည့်အပြင် နယ်စပ်ကုန်သွယ်ရေးအခက်အခဲအကြောင့် ဈေးကွက်အတွင်း သစ်သီးဝလံများပြတ်လပ်

    ဒေသထွက်သစ်သီးများ နည်းပါးသည့်အပြင် နယ်စပ်ကုန်သွယ်ရေးအခက်အခဲအကြောင့် ဈေးကွက်အတွင်း သစ်သီးဝလံများပြတ်လပ်

    -

    မွန်ပြည်နယ်ဒေသထွက် သစ်သီးဝလံများနည်းပါးသည့်အပြင် နယ်စပ်ကုန်သွယ်ရေးအခက်အခဲကြောင့် မော်လမြိုင်လက်လီလက်ကား အရောင်းဆိုင်များအတွင်း သစ်သီးများရောင်းဝယ်စရာမရှိသည်အထိ ပြတ်လပ်နေကြောင်း လုပ်ငန်းရှင်နှင့် ရောင်းချနေသူများထံမှ သိရသည်။

    ဒေသထွက်နှစ်ရှည်သီးနှံများဖြစ်သည့် ဒူးရင်း၊ ကြက်မောက်နှင့် မင်းဂွတ်သီးများ ရာသီမကုန်မှီ ပြတ်လပ်နေခြင်းနှင့် ယိုးဒယားမှ တင်သွင်းသည့်အသီးများ နယ်စပ်လမ်းပန်းဆက်သွယ်ရေး ကန့်သတ်ခံထားရသဖြင့် မှာယူတင်သွင်းရန် အခက်ခဲဖြစ်နေကြောင်း ဆိုသည်။

    ယိုဒယားထွက် သစ်သီးဝလံနှင့် ကုန်စည်များကို လက်ရှိတွင် ဘုရားသုံးဆူ-မော်လမြိုင် လမ်းပိုင်းကို အသုံးပြုတင်သွင်းနေရပြီး လမ်းခရီးကြန့်ကြာမှုကြောင့် သစ်သီးများပုပ်သိုးသွားခဲ့ရကြောင်း ကုန်သည်တစ်ဦးက ပြောသည်။

    ယမန်နှစ်များတွင် ဒေသထွက်သစ်သီးများ မလုံလောက်ပါက ယိုးဒယားထွက်သစ်သီးများကို တင်သွင်းရောင်းချလေ့ရှိသော်လည်း လက်ရှိတွင် အဆိုပါအခြေအနေများကြောင့် မမှာယူနိုင်တော့ကြောင်း ဆိုသည်။

    ပုံ- မော်လမြိုင်မြို့ပေါ် သစ်သီးအရောင်းဆိုင်တစ်ဆိုင်

    “ ကြက်မောက်၊ ဒူရင်းတို့မှာလိုက်ရင် တခါကျရင် ဒူရင်းဆို ကွဲပြဲပြီး ၃ ရက်ကြာလောက်က ဒီကိုရောက်တယ်။ ကြက်မောက်ဆိုလို့ရှိရင် တစ်ရက်နှစ်ရက်ကြာမှ ဒီကိုရောက်ရင် မဲကုန်ပြီး၊ အဲတာကြောင့် ဦးတို့က ခါတိုင်းလို ဒေသထွက်သစ်သီးတွေကုန်ရင် ထိုင်းကမှာတယ်။ ဘန်ကောက်၊ မဲဆောက်တို့ကနေမှာတယ်ပေါ့။ အခုကျတော့ မမှာရဲတော့ဘူး” ဟု မော်လမြိုင်မြို့မှ သစ်သီးကုန်သည် အမျိုးသားတစ်ဦးက ဆိုသည်။

    ပြီးခဲ့သည့် တော်တလင်းလပြည့်နေ့၌ ပစ္စည်းများပြတ်လပ်နေခြင်းကြောင့် ဆွမ်းတော်တင်ပွဲအတွက် အခက်အခဲဖြစ်ခဲ့သေးကြောင်းလည်း ဆိုသည်။

    လက်ရှိဈေးကွက်အတွင်း ကျွဲကော၊ နာနတ်၊ ဖရဲ၊ သခွား၊ ဒူရင်း၊ လိမ္မော် စသည့် လက်ကျန်အသီးများဖြင့်သာ ရောင်းဝယ်နေရပြီး လက်ကျန်ပစ္စည်းမရှိသူများ အရောင်းရပ်နားထားရကြောင်း မော်လမြိုင်သစ်သီး ဈေးကွက်များမှ သိရသည်။

    အလားတူ စစ်ကော်မရှင်အဖွဲ့မှ ကရင်ပြည်နယ်မှတဆင့် ပြည်သွင်းသို့ဝင်ရောက်မည့် ကုန်စည်တင်ယာဉ်များကို ကုန်လှောင်ရုံများအထိ လိုက်လံဖမ်းဆီးခြင်း၊ စစ်ဆေးရေးတင်းကြပ်နေခြင်းတို့ကြောင့် ကုန်များမဝင်နိုင်ဘဲ လုပ်ငန်းရပ်ထားရကြောင်း ကုန်စည်ရောင်းဝယ်နေသူတစ်ဦးက ပြောသည်။

    “အစ်မတို့က ခုအရောင်းအဝယ်ရပ်နားထားတယ်။ ဈေးဝယ်သူတွေကို ပစ္စည်းပို့လိုက်ရင် သူတို့ဆီ ပစ္စည်းမရောက်မှာလည်း စိုးရိမ်ရတယ်။ ပစ္စည်းတွေကလည်း တင်သွင်းဖို့ခက်ခဲနေတော့ လိုသလောက် မရဘူး။ အဲ့ကြောင့်” ဟု ကုန်စည်အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။။

    ဖမ်းဆီးရမိသည့် ကုန်တင်ယာဉ်နှင့် ကုန်စည်များကို ယခင်က အကောက်အခွန်ဌာနနှင့်ညှိနှိုင်းကာ ပြန်လည်ထုတ်ပေးခဲ့သော်လည်း ယခုအခါတွင် ညှိနှိုင်းခွင့်မရှိတော့ကြောင်းလည်း သိရသည်။

    တရားမဝင်နယ်စပ်ကုန်သွယ်မှုတိုက်ဖျက်ရေးနှင့် နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချရေးဟုဆိုကာ နယ်စပ်လမ်းကြောင်းများမှ ကုန်သွယ်ခွင့်များကို စစ်ကော်မရှင် ပိုမိုတင်းကြပ် ပိတ်ပင်လာခြင်းဖြစ်ပြီး ပြန်လည်ဖြေလျှော့ရန် ကြာမြင့်မည်ဖြစ်ကြောင်းလည်း စစ်ကောင်စီနှင့် နီးစပ်သူများက ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks