ထိုင်းမြန်မာနယ်စပ်၊ ဘုရားသုံးဆူဒေသ၊ မွန်ပြည်သစ်ပါတီထိန်းချုပ်ရွာဖြစ်သည့် ဂျပန်ရေတွင်းရွာရှိ ပွဲစားနေအိမ်တစ်အိမ်တွင် ထိုင်းနိုင်ငံသို့ ဝင်ရောက်မည့်လူငယ်တစ်ဦးကို သေဆုံးလျှက်ရှိ တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့ ၊ည ၉ နာရီအချိန်ခန့်တွင် အသက် ၂၄ နှစ်အရွယ် လူငယ်တစ်ဦးသည် ထိုင်းနိုင်ငံသို့ တရားမဝင်ပို့ဆောင်ပေးမည့် ပွဲစား၏နေအိမ်အတွင်းရှိ အိမ်သာတွင် လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း ဘုရားသုံးဆူ ဒေသခံတစ်ဦးက ဆိုသည်။
အဆိုပါလူငယ်သည် ဗမာလူမျိုးဖြစ်သည်ဟု ယူဆရပြီး၊ ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်ရန် ဂျပန်ရေတွင်းရှိ ပွဲစားနေအိမ်အတွင်းသို့ ရက်သတ္တပတ်နီးပါးအထိ ရောက်ရှိနေခြင်းဖြစ်သည်ဟု ပြောသည်။

“သူပျောက်နေလို့ လိုက်ရှာတာ၊ လည်ပတ်ကိုလှီးဖြတ်ထားတဲ့ ပုံစံမျိုးနဲ့ သေနေတာတွေ့တယ် အခုကသက်သေရှာလို့လည်း မရသေးဘူး၊ သူများပဲသတ်လိုက်တာလား သူ့ကိုယ်သူပဲသတ်သေသွားတာလား သေချာမပြောနိုင်ဘူး။ အိမ်သာကအထဲကနေ လော့ခတ်ထားလို့၊လူပျောက်သွားလို့ပြန်ရှာတော့မှ အိမ်သာတံခါးကိုရိုက်ချိုးတော့မှ အဲ့အလောင်းတွေ့တယ်။ ”ဟု ၎င်းက ဆိုသည်။
အခင်းဖြစ်ပွားခဲ့သည့် ညပိုင်းမှာပင် မွန်ပြည်သစ်ပါတီ တာဝန်ရှိသူများက အဆိုပါပွဲစားနေအိမ်သို့ ရောက်ရှိလာပြီး သေဆုံးသူနှင့် ခရီးအတူတကွလိုက်ပါလာသည့် အပေါင်းအပါများအပါအဝင် နေအိမ်အတွင်းရှိ ရွှေ့ပြောင်းလုပ်သားအားလုံးကို စစ်ဆေးမှုလုပ်ဆောင်ခဲ့သည်ဟုလည်း ကြားသိရသည်။
သေဆုံးသူ၏ မိဘအုပ်ထိန်းသူများကို စောင့်ဆိုင်းနေစဉ် အလောင်းကို မွန်ပြည်သစ်ပါတီရုံးတစ်ခုအတွင်း ၂ ညတာ ထားရှိခဲ့ပြီးနောက် ယနေ့နံနက်ပိုင်း ၈ နာရီဝန်းကျင်တွင် ဂျပန်ရေတွင်း သုသာန်တွင် မီးရှို့သဂြိုဟ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် တာဝန်ယူထားသည့် ပွဲစားနှင့်အတူ နေအိမ်အတွင်းရောက်ရှိနေသည့် ရွေ့ပြောင်းလုပ်သား ၃၀ ဦးတို့ကို စစ်ဆေးခံနေရဆဲဖြစ်ကြောင်းလည်း အထက်ပါ ဘုရားသုံးဆူဒေသခံက ပြောသည်။
"ပွဲစားက မပြေးဘူးလေ၊ သူ့အိမ်နဲ့သူတော့ အစစ်ဆေးခံပါတယ်။ ထိုင်းတက်မဲ့သူတွေ အဲ့ပွဲစားအိမ်မှာ အယောက် ၃၀ လောက်ရှိတယ်ဆိုတော့ လူတိုင်းက စစ်ဆေးခံရမှာပဲ၊ ဒီဘုရားသုံးဆူနဲ့ ဂျပန်ရေတွင်းမှာ ထိုင်းတက်တဲ့လူတွေ သေဆုံးတဲ့ကိစ္စမှမဟုတ်ဘူး၊ ဒေသခံတွေ ဒီလိုဖြစ်စဉ်နဲ့ သေဆုံးသွားရင်တောင် ကြီးမားတဲ့အရေးယူမှုတွေ လုပ်ရိုးထုံးစံမှုတွေမရှိဘူး"ဟု ဆိုသည်။
ယခုဖြစ်စဉ်နှင့်ပတ်သတ်၍ ထိထိရောက်ရောက် အရေးယူစုံစမ်းမှုလုပ်ဆောင်လိုကြောင်းနှင့် ရွေ့ပြောင်းမြန်မာလုပ်သားများ တရားမဝင်ဝင်ရောက်မှု များလာသည်နှင့်အမျှ လိမ်လည်ခံရမှုနှင့် အသက်သေဆုံးမှုများအတွက် စိုးရိမ်စရာဖြစ်ကြောင်းလည်း ဆိုသည်။
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တစ်ဝိုက် ကျေးရွာများတွင် ယခုစက်တင်ဘာလအတွင်း ထိုင်းနိုင်ငံသို့တရားမဝင်ဝင်ရောက်မည့် မြန်မာရွှေ့ပြောင်းလုပ်သားများ နေ့စဉ် ထောင်ဂဏန်းနီးပါးအထိ ရောက်ရှိနေပြီး တစ်ဖက်ထိုင်းနိုင်ငံသို့ မဝင်ရောက်မီ ချိတ်ဆက်ထားသည့် ပွဲစားများ၏နေအိမ်တွင် ရက်ပိုင်းအနည်းငယ်အထိ နေထိုင်ကြရသည်။
ထို့နောက် ဘုရားသုံးဆူဒေသမှတစ်ဆင့် ထိုင်းနိုင်ငံသို့ ကုန်းလမ်းဖြစ်စေ၊ ရေလမ်းဖြစ်စေ တရားမဝင်ဝင်ရောက်လေ့ရှိပြီး ယာဉ်မတော်တဆမှုနှင့် သတ်ဖြတ်ခံရမှုကြောင့် ရွေ့ပြောင်းလုပ်သားများ အသက်သေဆုံးမှု မကြာခဏ ဖြစ်ပွားနေသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၂ ရက်နေ့ကလည်း ထိုင်းနိုင်ငံသို့ဝင်ရောက်မည့် လူမှောင်ခို လှေတစ်စင်း မတော်တဆမှုကြောင့် မြန်မာရွှေ့ပြောင်းလုပ်သား ၃ ဦး ရေနစ်သေဆုံးခဲ့ရသည်။
ထိုင်းအာဏာပိုင်မှ နယ်စပ်တရားမဝင်လမ်းမှတစ်ဆင့် ဝင်ရောက်လာသည့် မြန်မာရွေ့ပြောင်းလုပ်သားများကို တင်းတင်းကြပ်ကြပ် ဖမ်းဆီးအရေးယူနေသည့်ကြားမှ ဝင်ရောက်လာနေဆဲဖြစ်ပြီး ကန်ချနဘူရီခရိုင်တွင် နေ့စဉ်ဖမ်းဆီးခံနေရကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြလျှက်ရှိသည်။