spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းမြဝတီမြို့အနီးရှိ လက်ခတ်တောင်တစ်ကြောလုံးကို စစ်တပ် နေရာယူ၊ အာရှလမ်းပိုင်းတွင် တိုက်ပွဲ ဆက်ပြင်းထန်ဆဲ

    မြဝတီမြို့အနီးရှိ လက်ခတ်တောင်တစ်ကြောလုံးကို စစ်တပ် နေရာယူ၊ အာရှလမ်းပိုင်းတွင် တိုက်ပွဲ ဆက်ပြင်းထန်ဆဲ

    -

    ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်ဒေသအနီးရှိ စစ်ရေးဗျူဟာအတွက် အရေးပါသည့် လက်ခတ်တောင်တစ်ကြောလုံးကို စစ်တပ်က နေရာယူနိုင်ခဲ့ပြီး ကော့ကရိတ်-မြဝတီလမ်းပိုင်းတွင်လည်း တိုက်ပွဲပြင်းထန်နေဆဲဟု တော်လှန်ရေးသတင်းအရင်းအမြစ်တို့က ပြောသည်။

    စက်တင်ဘာလ ၈ ရက်နေ့က DKBA နှင့် BGF အပါအဝင် မြဝတီမြို့ရှိ တပ်ရင်းအသီးသီးမှ တပ်အင်အား ထောင်ချီ စုပေါင်းကာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တော် KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ ထိန်းချုပ်ထားသည့် လက်ခတ်တောင်တစ်ကြောလုံးကို စစ်ကော်မရှင်တပ်စုပေါင်းစစ်ကြောင်းတို့က ထိုးဝင်လာခဲ့သည်။

    စစ်ကြောင်းထိုးလာစဉ် မြဝတီမြို့အနီးရှိ တပ်ရင်းအသီးသီးတို့မှ လက်ခတ်တောင်ဘက်ကို လက်နက်ကြီး၊ လေယာဉ်ဖြင့် ပစ်ခတ်လာပြီး အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာသည့်အတွက် တော်လှန်ရေး ပူးပေါင်းတပ်ဘက်က ဆုတ်ခွာခဲ့ရကာ စက်တင်ဘာလ ၉ ရက်နေ့တွင် စစ်ကော်မရှင်တပ်တို့က နေရာယူနိုင်ခဲ့သည်ဟု တော်လှန်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

    “လက်ခတ်တောင်တစ်ကြောလုံးကိုတော့ သူတို့(စစ်ကော်မရှင်တပ်) နေရာယူထားပြီ။ တောင်ဘက် ဆက်ဆင်းရင် ဦးကရစ်ထ၊ လေးကေ့ကော်နဲ့ ဝေါလေဘက်ကိုလည်း စစ်ကြောင်းတွေက ဆက်ချီတက်ဖို့ အနေအထား ရှိနေတယ်။ အဲဘက်တွေလည်း စစ်ကြောင်းတွေ နည်းနည်းဝင်နေပါပြီ။ DKBA နဲ့ BGF တွေရဲ့ အကူအညီနဲ့ တိုက်နေတယ်” ဟု တော်လှန်ရေး သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

    လက်ခတ်တောင်တစ်ကြောလုံးရှိ တာဝါတိုင်ကုန်းစခန်းအပြင် တပ်စခန်း၊ ကင်စခန်းများကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လကုန်းပိုင်းကစပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တော် KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းယူခဲ့ခြင်း ဖြစ်သည်။

    တစ်ဖက်တွင် ကော့ကရိတ်-သင်္ဃန်းညီနောင်-မြဝတီလမ်းပိုင်းကို DKBA နှင့် BGF အကူအညီဖြင့် အင်အားထောင်ချီသော စစ်ကော်မရှင်တပ်တို့က တိုက်ခိုက်လာခဲ့သည့်အတွက် တော်လှန်ရေးပူးပေါင်းတပ်တို့က နောက်ဆုတ်ပေးခဲ့ရသော်လည်း လမ်းပိုင်းကို အပြည့်အဝထိန်းချုပ်နိုင်ခြင်း မရှိသေးဘဲ တိုက်ပွဲဆက်လက် ပြင်ထန်းနေဆဲဟု ကော့ကရိတ်စစ်မြေပြင်ရှိ မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

    လက်ရှိတွင် ကော့ကရိတ်-မြဝတီလမ်းပိုင်းရှိ အင်ကြီး၊ ကျုံဘိုင်း၊ မိချောင်းအင်း၊ လှိုင်စိမ်း စသည့် ကျေးရွာဘက်တွင် တိုက်ပွဲပြင်းထန်နေဆဲဟု ဆိုသည်။

    “အဲလမ်းပိုင်းကို အပြည့်အဝ သူတို့ထိန်းချုပ်ခဲ့တာ မဟုတ်ဘူး။ လောလောဆယ် တော်လှန်ရေး ပူးပေါင်းတပ်တွေက ယာယီ နောက်ဆုတ်ပေးထားတဲ့သဘောပါ။ အခုလည်း တိုက်ပွဲပြင်းထန်နေဆဲပဲ။ လမ်းမကြီးကို ရဖို့ သူတို့ ကြိုးစားနေဆဲ အခြေအနေပဲ ရှိတယ်။ တစ်ချို့နေရာတွေပဲ ကျနော်တို့ နောက်ဆုတ်ထားတာ၊ တစ်ချို့နေရာကတော့ ထိတွေ့မှု ဖြစ်နေဆဲပဲ။ လမ်းဟောင်းဘက်ရော၊ လမ်းသစ်ဘက်ရော ဖြစ်နေတာ” ဟု ကော့ကရိတ်စစ်မြေပြင်ရှိ တော်လှန်ရေးသတင်းအရင်းအမြစ်က ပြောသည်။

    ကရင်လက်နက်ကိုင်ဖြစ်သည့် DKBA နှင့် BGF တို့က စစ်ကော်မရှင်ဘက် ရပ်တည်ချက်သည် ရှင်းလင်းနေပြီ ဖြစ်သည့်အတွက် ကရင်အမျိုးသားအစည်းအရုံး (KNU) အနေဖြင့် ကရင်လက်နက်ကိုင်အချင်းချင်း မတိုက်ခိုက်သည့် မူကို ပျက်ပယ်ပြီး ပြတ်သားသည့် ဆုံးဖြတ်ချက်များ ချမှတ်သင့်နေပြီ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

    စစ်ကော်မရှင်ကျင်းပပြုလုပ်မည့် ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲကို အပြည့်အဝထောက်ခံသလို တတ်နိုင်သမျှ ကူညီသွားမည်ဟုလည်း DKBA နှင့် BGF တို့က သဘောထားထုတ်ပြန်ခဲ့ပြီ ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks