ရခိုင်ပြည်နယ်နှင့် ထိစပ်နေသည့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းနယ်စပ်များတွင် စစ်ကော်မရှင်တပ်နှင့် တိုက်ပွဲများ ပြင်းထန်နေကြောင်း အာရက္ခတပ်တော် AA က ထုတ်ပြန်သည်။
စစ်ကော်မရှင်ဘက်မှ အင်အားအလုံးအရင်းဖြည့်တင်းကာ စစ်ကြောင်းထိုးလာသည့်အတွက် တိုက်ပွဲများ ပြင်းထန်နေရကြောင်း AA စက်တင်ဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ဧရာဝတီတိုင်း-ရခိုင်အစပ် စက်စက်ယိုရွာ အနီးပတ်ဝန်းကျင်တစ်ဝိုက် နေရာများ၊ ပဲခူးတိုင်း-ရခိုင်အစပ် ဆင်လမ်ရွာ အနီးပတ်ဝန်းကျင်တစ်ဝိုက် နေရာများနှင့် ရိုးတောင်အစပ် နေရာများတွင် စစ်ကော်မရှင် စစ်ကြောင်းများနှင့် AA ထိပ်တိုက် တိုက်ပွဲ ဖြစ်ပွားနေသည်။
စစ်ကော်ရှင် စကခ (၁၇) လက်အောက်ခံ ခမရ (၅၇၄)၊ ခမရ (၅၆၉)၊ ခမရ (၅၇၅)၊ ခမရ (၅၇၇)၊ ခမရ (၅၂၀)၊ ခလရ (၂၉၅) တပ်ရင်းများအပြင် အတင်းအဓမ္မ စုဆောင်းခံထားရသည့် စစ်မှုထမ်းတပ်သားများဖြင့် စုဖွဲ့ထားသည့် တပ်ရင်းများက ဆက်တိုက် ထိုးစစ်ဆင်လျက်ရှိသည်။

စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးက “AA က ရခိုင်ပြည်ရဲ့ ပြင်ပကို ကျော်လာပြီး တိုက်တယ်ဆိုတာက ဧရာဝတီတိုင်း၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း ဒါတွေက ရခိုင်ကိုဝင်မယ့် အပေါက်တွေ၊ တံတိုင်းတွေလို့လည်း ပြောလို့ရတယ်။ ဒါကို စစ်တပ်ကလည်း သိလို့ ဒီနေရာတွေကို အတင်းပြန်တိုက်နေတာ” ဟု ပြောသည်။
စက်တင်ဘာလ ၄ ရက်နေ့က မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဘက်က ၆၀ ကျော်သေဆုံးကာ စစ်အသုံးအဆောင်ပစ္စည်းများ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိထားကြောင်းလည်း AA က ဆိုသည်။
၎င်းပြင် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီးတွင်လည်း တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်ဘက်မှ ၁၀ ဦး သေဆုံးကာ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများ ထပ်မံသိမ်းဆည်းရမိခဲ့ဟု ဆိုသည်။
စစ်ကော်မရှင်၏ စစ်မှုမထမ်းမနေရ ဥပဒေအောက်တွင် ပုံစံအမျိုးမျိုးဖြင့် အတင်းအဓမ္မ စစ်သား စုဆောင်းထားခြင်း၊ စစ်သင်တန်းပေးခြင်း ခံခဲ့ရသူများအနေဖြင့် လက်နက်ချ အညံ့ခံလိုပါက အချိန်မရွေး လာရောက်နိုင်ကြောင်း AA က အသိပေး ထုတ်ပြန်ထားသည်။