တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တွင် စစ်ကော်မရှင်တပ်ဖွဲ့မှ ၎င်းတို့ စစ်ကြောင်းထိုးနေသည့် မလွှဲတောင်-ကလိန်အောင် လမ်းပိုင်းရှိ ကျေးရွာဒေသခံများကို မကြာခဏ ဖမ်းဆီး၍ လူသားဒိုင်အဖြစ် အသုံးပြုနေကြောင်း သိရသည်။
တိုက်ပွဲစတင်ခဲ့သည့်အချိန်မှစ၍ ၂ လတာအတွင်း ရေဖြူဒေသခံများကို ၅ ကြိမ်ထက်မနည်း ဖမ်းဆီးခေါ်ဆောင်ပြီး ပြန်လည်လွှတ်ပေးသူများရှိသလို ပျောက်ဆုံးနေသူများလည်းရှိကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များက ပြောသည်။
ယမန်နေ့ စက်တင်ဘာလ ၁၀ ရက်နေ့က ကျွဲသလင်းရွာအတွင်း စစ်ကြောင်းထိုးလာစဉ် ဒေသခံအချို့ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း၊ စက်တင်ဘာလ ၇ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်တို့က ရာဖူးရွာသား ၁၀ ဦးခန့်ကို ခေါ်ဆောင်သွားပြီး ယနေ့အထိ ပြန်မလွတ်သေးကြောင်း မြေပြင်ရောက်တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

“ဒီ ၁၀ ဦးကို ၇ရက်နေ့က ဖမ်းတယ်၊ အခုထိပြန်မလွတ်သေးဘူး။ တိုက်ပွဲဖြစ်တဲ့ နှစ်လအတွင်းမှာ ၅ ကြိမ်မကတော့ဘူး သူတို့ဖမ်းတာ ပြန်လွှတ်ပေးတာလည်း ရှိတာပေါ့နော်။ ရွာတွေ စစ်ကြောင်းထိုးလာတဲ့အချိန် နေရာတိုင်းမှာ ဒီလိုဘဲ့ ရွာသားတွေ ဖမ်းပြီး တော်လှန်ရေးတပ်တွေရှိတဲ့နေရာကို လမ်းပြခိုင်းတယ်၊ လမ်းပြနဲ့ လူသားဒိုင်းအဖြစ်ပြုလုပ်နေပါတယ်။” ဟု မြေပြင်ရောက် တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောသည်။
ဖမ်းဆီးထားသည့် ဒေသခံများကို စစ်ကြောင်းတစ်လျှောက် လမ်းပြအဖြစ်လည်းကောင်း၊ ၎င်းတို့အကာအကွယ်ရရန် ဒိုင်အဖြစ်လည်းကောင်းအသုံးပြုပြီး ရိုက်နှပ် နှိပ်စက်ခြင်းများလည်း လုပ်ဆောင်ကြောင်း ဆိုသည်။
စစ်ကော်မရှင်တပ်တို့သည် သာယာမွန်ရွာမှ ရာဖူး၊ ကျွဲသလင်းနှင့် လော့သိုင်းရွာဘက်သို့ ယနေ့အထိ တောက်လျှောက် စစ်ကြောင်းထိုးလျှက်ရှိသည်။
“ဒီဖမ်းခံရတဲ့ရွာခံပြောတာက သူတို့ခိုင်းသလို လုပ်ရတယ်။ ဟိုကို ဒီကို လိုက်ပို့ခိုင်းတာ ရှိတယ်။ တချို့ကြတော့ သူတို့ဘာမလုပ်ဘူး၊ အသက်ကြီးရွယ်အိုတွေ ကလေးတွေကို ဒီတိုင်းဖမ်းဆီးပြီး ပြန်လွှတ်တယ်၊ တချို့က သူတို့အလိုမကျရင် ရိုက်တာမျိုးတွေ ရှိတယ်” ဟု ရေဖြူဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ဩဂုတ်လ ၂၈ ရက်နေ့တွင်လည်း စစ်ကော်မရှင်တပ်တို့က သာယာမွန်ရွာကို စစ်ကြောင်းထိုးခဲ့ရာ အမျိုးသမီး၊ ခလေးငယ်များအပါအဝင် ဒေသခံ ၁၀ ဦးထက်မနည်းကို ဘုန်းကြီးကျောင်းတစ်ခုတွင် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၂၉ ရက်နေ့က ပြန်လွှတ်ခဲ့သည်ဟု သိရသည်။
အထူးသဖြင့် ကျေးရွာအတွင်း မတိမ်းရှောင်နိုင်သည့် ဒေသခံပြည်သူများကို ဖမ်းဆီးခေါ်ဆောင်ထားပြီး ၎င်းတို့စစ်ကြောင်းထိုးပြီး စခန်းချလိုသည့် နေရာတွင် ပြန်လွှတ်ပြီး အဆိုပါဒေသရှိ ဒေသခံများကို ထပ်မံဖမ်းဆီးလေ့ရှိသည်။
ရေဖြုဒေသအတွင်း တိုက်ပွဲပြင်းထန်နေဆဲကာလဖြစ်သည့်အတွက် ဖမ်းဆီးခံရသူနှင့် ပျောက်ဆုံးနေသည့်ဒေခံများ၏ အရေအတွက်ကို IMNA မှ အတည်ပြုနိုင်ခြင်းမရှိသေးပေ။
အရပ်သားများကို လူသားဒိုင်းအဖြစ် အသုံးချခြင်းသည် နိုင်ငံတကာ လူသားချင်းစားနာမှုဥပဒေ (IHL) အရ ပြည်သူများကို ဓားစားခံအဖြစ် ဖမ်းဆီးခြင်း (သို့မဟုတ်) လူသားဒိုင်းအဖြစ် အသုံးပြုခြင်းများ မပြုရဟူသော ဥပဒေကို ချိုးဖောက်ထားသည့် လုပ်ရပ်ဖြစ်ပြီး၊ စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်နိုင်သည်။