spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းကျိုက်ထိုမြို့နယ် ဧက ၂၀၀ ရွှေလုပ်ကွက်လုပ်သား ၄၀ ဦး ဖမ်းခံရ

    ကျိုက်ထိုမြို့နယ် ဧက ၂၀၀ ရွှေလုပ်ကွက်လုပ်သား ၄၀ ဦး ဖမ်းခံရ

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ငှက်ပျောတောကျေးရွာ ဧက ၂၀၀ ရွှေလုပ်ကွက်တွင် အလုပ်သမား ၄၀ ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးပြီး အများစုကို စစ်မှုထမ်းသင်တန်း ပို့ဆောင်လိုက်ကြောင်း ဒေသခံများနှင့် ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့ထံမှ သိရသည်။

    ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက် နံနက် ၁၀ နာရီခန့်က ငှက်ပျောတောကျေးရွာရှိ ဧက ၂၀၀ ရွှေလုပ်ကွက်ကို အင်အားရာချီရှိသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး အလုပ်သမားများကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

    “သူတို့အင်အားအများကြီးနဲ့ လာတာ။ ဝင်ဖမ်းတုန်းက အင်အား ၁၀၀ လောက်ပဲ လုပ်ကွက်နား ရောက်လာပြီးတော့ ဖမ်းတာ။ သူတို့ကတော့ တရားမဝင်လုပ်နေလို့ ဆိုပြီး ပြောပြီး ဖမ်းသွားတာ” ဟု ယင်းဖြစ်စဉ်ကို သိရှိထားသည့် ကျိုက်ထိုမြို့ခံတဦးက ပြောသည်။

    ဖမ်းဆီးခံရသူများတွင် သက်ကြီးပိုင်း ၉ ဦးကို ပြန်လွှတ်ပေးပြီး ကျန်သည့် လူငယ်ပိုင်း ၃၁ ဦးကို စစ်မှုထမ်း သင်တန်း တက်ရောက်ဖို့ ခေါ်ဆောင်သွားကြောင်း ၎င်းက ဆက်ပြောသည်။

    ပုံစာ – ကျိုက်ထိုမြို့နယ်အတွင်းက ရွှေလုပ်ကွက်တခုကို တွေ့ရစဉ် – ပုံဟောင်း (ပုံခရက်တစ် – CJ)

    ဖမ်းဆီးခံထားရသည့် လူငယ်များသည် ရွှေ့ပြောင်းလုပ်သား အများစုပါဝင်ပြီး အသက်အရွယ်၊ အမည်၊ နေရပ်လိပ်စာကိုတော့ စုံစမ်းနေဆဲ ဖြစ်သည်။

    “ဟုတ်တယ်၊ အမျိုးသားသီးသန့်ကို ရွေးဖမ်းတာ။ အဓိက အဲဒီမှာ ရှိတဲ့ လူငယ်တွေကို စစ်မှုထမ်းခိုင်းဖို့ ဖမ်းတာပဲ။ ပစ္စည်းတချို့ပါ ယူသွားတယ်” ဟု သထုံခရိုင် PDF ခေါင်းဆောင် ကိုအေးမင်းထွန်းက ပြောသည်။

    စစ်ကော်မရှင်တပ်သည် ဆိုင်ကယ်၊ ဘက်ဟိုး၊ ရွှေထည်ပစ္စည်းများနှင့် ရွှေတူးဖော်ရာတွင် အသုံးပြုသည့် လုပ်ငန်းသုံး ဆက်စပ်ပစ္စည်းများကိုလည်း သိမ်းဆည်းသွားကြောင်း သိရသည်။

    လက်ရှိ ဖမ်းဆီးခံထားရသူများကို ကျိုက်ထိုမြို့အခြေစိုက်စခန်းကနေတဆင့် သထုံမြို့နယ် အမှတ်(၉)လေ့ကျင့်ရေး တပ်ကို ပို့ဆောင်ထားပြီးဖြစ်ကြောင်း သိရသည်။

    ကျိုက်ထိုမြို့မြောက်ဘက် (၁၀)မိုင်ဝန်းကျင်အကွာရှိသည့် ဧက ၂၀၀ ရွှေလုပ်ကွက်သည် လက်နက်ကိုင်အဖွဲ့တခုနှင့် စီးပွားရေးလုပ်ငန်းရှင်တချို့က ပူးပေါင်းလုပ်ဆောင်နေသည်ဟု သတင်းထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။

    ယင်းနယ်မြေ ရွှေလုပ်ကွက်တလျှောက်တွင် KNU ထိန်းချုပ်နယ်မြေအတွင်း တည်ရှိနေသော်လည်း စစ်ကော်မရှင် တပ်ဖွဲ့ဝင်များလည်း တခါတရံဝင်ထွက်သွားလာမှုများ ရှိနေကြောင်း ဒေသခံများက ဆိုသည်။

    ထိုနယ်မြေရှိ ရွှေလုပ်ကွက်အများစုသည် ကရင်အမျိုးသားအစည်းအရုံး (KNU)ကို အခွန်ဆောင်ထားကြရသည်။

    ယင်းအခြေအနေကို သိရှိထားသည့် စစ်ကော်မရှင်က ရွှေလုပ်ကွက်ရှိရာကို အင်အားအများအပြားနှင့် ဝင်ရောက်ရှာဖွေ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်နိုင်သည်ဟု သုံးသပ်မှုများလည်း ရှိသည်။

    “KNU ထံအခွန်ဆောင်ထားပေမယ့် KNU က အပြည့်အဝ လုံခြုံရေးအစောင့်ရှောက်တွေနဲ့ ယူထားပေးတာမျိုး မဟုတ်ဘူးလို့ သိရတယ်၊၊ မင်းတို့ကို လုပ်ခွင့်ပေးတယ်၊ အဲဒီသဘောပေါ့၊ တချို့နေရာတွေ လုံခြုံရေး ရှိကောင်းရှိနိုင်မယ်၊ အခုလို စစ်တပ်က အဲဒီနားတဝိုက်မှာ ရှိနေတော့ သူတို့က ဘာရရပေါ့၊ ပစ္စည်းရရင်ရမယ်၊ ဒါမဟုတ် စစ်မှုထမ်းဖို့ လူတွေရရင်ရမယ်၊ သူတို့အတွက် အရှုံးမရှိဘူးလေ၊ အနှောက်အယှက်ပေးတာပေါ့” ဟု ယင်းနယ်မြေအကြောင်း သိရှိသည့် စီးပွားရေး လုပ်ငန်းရှင် တဦးက ပြောသည်။

    သထုံခရိုင်အတွင်း ရွှေလုပ်ကွက်ကြီးငယ်ပေါင်း ၅၀၀ နီးပါးရှိနေပြီး အများစုက KNU ထိန်းချုပ်ထားသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks