spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းစားနပ်ရိက္ခာပြတ်လပ်နေသည့် ရေဖြူစစ်ဘေးရှောင်များ အကူအညီရရှိရန်ခက်ခဲ

    စားနပ်ရိက္ခာပြတ်လပ်နေသည့် ရေဖြူစစ်ဘေးရှောင်များ အကူအညီရရှိရန်ခက်ခဲ

    -

    မွန်နှင့်တနင်္သာရီဒေသအစပ် မလွှဲတောင်စစ်ဆေးရေးဂိတ်တွင် စစ်ကော်မရှင်တပ်ဖွဲ့တို့က ကုန်စည်သယ်ယူပို့ဆောင်ခွင့်ကို ကန့်သတ်ထားပြီး စစ်ဆေးရေးတင်းကြပ်ထားခြင်းကြောင့် စားနပ်ရိက္ခာလိုအပ်နေသည့် စစ်ဘေးရှောင်ဒေသခံများထံ သွားရောက်ကူညီရန် အခက်အခဲရှိနေကြောင်း စစ်ဘေးရှောင်အကူအညီပေးနေသူများထံမှ သိရသည်။

     ဩဂုတ်လမှကုန်ပိုင်းမှစ၍ ရေဖြူမြို့နယ်၊ ကလိန်အောင် – မလွှဲတောင်လမ်းပိုင်းတွင် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကော်မရှင်တပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်လာခဲ့ပြီး ကျေးရွာ ၁၀ ရွာထက်မနည်းမှ စစ်ဘေးရှောင်နေရသူ ၅၀၀၀ ကျော်ရှိကြောင်း စာရင်းများအရ သိရသည်။

    စစ်ဘေးရှောင်သူ ၆၀ ရာခိုင်နှုန်းခန့်သည် ရေဖြူမြို့နယ်အတွင်းရှိ နီးစပ်ရာဘုန်းကြီးကျောင်းများအတွင်းသာ တိမ်းရှောင်နေကြပြီး မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေနှင့် ရေးမြို့နယ်အပြင် အနည်းစုတို့သည် ထားဝယ်ဘက်သို့ ပြောင်းရွေ့နေတိမ်းရှောင်နေရကြောင်း မြေပြင်သတင်းအရင်းမြစ်များအရ သိရသည်။

    တိမ်းရှောင်နေရသည့် ဒေသခံပြည်သူများသည် စားနပ်ရိက္ခာအလွယ်တကူဝယ်ယူ၍မရခြင်း၊ ဈေးနှုန်းအဆမတန်မြင့်တက်ခြင်းနှင့် စစ်ဘေးရှောင်အကူအညီများ မရောက်ရှိနိင်ခြင်းကြောင်း စားနပ်ရိက္ခာပြတ်လပ်လျှက်ရှိသည်။

    စားနပ်ရိက္ခာလိုအပ်ချက်ရှိနေသည့် ရေဖြူဒေသခံများသို့ မလွှဲတောင်ဂိတ်တွင် စစ်ကော်မရှင် လက်အောက်ခံတပ်ဖွဲ့များ၏ ကန့်သတ်ပိတ်ဆို့မှုများကြောင့် သွားရောက်ကူညီရန် အခက်အခဲရှိနေကြောင်း မြန်မာပြည်တောင်ပိုင်း စစ်ရှောင်ကူညီပေးနေသူ အမျိုးသားတစ်ဦးက ပြောသည်။

    “ပြောရရင် ကျွန်တော်တို့ မထောက်ပံ့ရသေးဘူး။ ဟိုဘက်ကဒေသခံတွေကလဲ အကူညီလိုအပ်နေတယ် ဘုန်းကြီးကျောင်းမှာ ရှိတဲ့တွေကများနေတယ် နေဖို့ကအမိုးအကာတွေမလိုပေမဲ့ တခြားဟာတွေ ခက်ခဲနေတာရှိတယ်၊ တောတောင်မှာ နေတဲ့သူကလဲ အမိုးအကာတွေ လိုအပ်တယ် စားနိပ်ရိက္ခာလဲ လိုအပ်နေကြတယ် ရောဂါဖြစ်မှာကိုလည်း စိုးရိမ်းရတယ် ” ဟု စစ်ဘေးရှောင် အကူအညီပေးနေသူတစ်ဦးက ပြောသည်။

    လက်ရှိတွင် မွန်လူသားချင်းစာနာထောက်ထားမှု အထောက်အကူပြုမဟာမိတ်အဖွဲ့၊ တော်လှန်ရေးဘက်နှင့် ဘုန်းကြီးကျောင်းတို့မှ တနိုင်တပိုင်ကူညီထောက်ပံ့မှုများလုပ်ဆောင်နေသော်လည်း ဒေသခံပြည်သူများအတွက် လုံလောက်မှု မရှိသည့်အပြင်  ယင်လုံအိမ်  မလုံလောက်မှုကြောင့် ကူးစက်ရောဂါဖြစ်ပွားလာမည်ကိုလည်း စိုးရိမ်းနေကြသည်။

    ထို့အပြင် ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက်နေ့က ရေဖြူ-မလွှဲတောင်လမ်းပိုင်း ပြန်လည်ဖွင့်လှစ်ချိန်တွင် တောတောင်ဥယျာဉ်ခြံများအတွင်း စစ်ဘေးရှောင်နေသူများ ထပ်မံပြောင်းရွှေ့သွားကြကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

    “ရွာမှာနေလဲ ဝယ်စားစရာဈေးဆိုင်မှမရှိတာ၊ မနေရဲကြတော့ဘူး။ ကျန်တဲ့လူ‌တွေကတော့ ရွာနဲ့တော်တော်ဝေးတဲ့နေရာလောက်ပဲ ကျန်တော့တယ်၊ မိုင်း‌ရောလက်နက်ကြီးရောထိတယ် ဆိုတော့ ဘယ်နေရာက ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှမသိဘူး။ ကြောက်နေကြတာ သွားလာဖို့က အဆင်မပြေဘူး။ အခုမရမ်းချောင်းတို့ ရာဖူးတို့ဘက်မှာဆို ဘယ်သူမှ အသွားအလားမလုပ်ရဲဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

    တနင်္သာရီတိုင်းဒေသကြီးတွင် တိုက်ပွဲဖြစ်ပွားနေမှုပေါ် မူတည်ပြီး စစ်ကော်မရှင်တပ်ဘက်က စားနပ်ရိက္ခာသယ်ဆောင်ခွင့် ကန့်သတ်ပိတ်ပင်နေခြင်းကြောင့် ကုန်ပစ္စည်းပြတ်လပ်နေသည့်အပြင် ဈေးနှုန်းများလည်း မြင့်တက်နေခဲ့သည်။

    အထူးသဖြင့် စစ်ကော်မရှင်စစ်ဆေးရေးဂိတ်တို့မှ ဆန်၊ ရိက္ခာနှင့် ဆေးဝါးသယ်ယူခွင့် ကန့်သတ်ပိတ်ပင်မှုများ ပြုလုပ်နေသည့်အတွက် စစ်ရှောင်ပြည်သူထောင်ချီတို့ကလည်း စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks