စစ်ကော်မရှင်မှ သတ်မှတ်ထားသည့် ပါတီဝင်ဦးရေနှင့် ပါတီရုံးခန်းအရေအတွက်မပြည့်မှီသည့် နိုင်ငံရေးပါတီ (၄) ပါတီကို ယနေ့ စက်တင်ဘာလ ၉ ရက်နေ့မှစ၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ဖျက်သိမ်းလိုက်ကြောင်း ကြေညာသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ပါတီဝင်ဦးရေနှင့် ပါတီရုံးခန်းများ သတ်မှတ်အရေအတွက်ပြည့်မှီရေး ဆောင်ရွက်ပြီးနောက် စစ်ကော်မရှင်၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ စက်တင်ဘာ ၇ ရက်နေ့ နောက်ဆုံးထားတင်ပြရန် သတ်မှတ်ထားသည်။
ယနေ့တွင် အဆိုပါ သတ်မှတ်ရက်အထိ ပါတီဝင်ဦးရေမပြည့်မှီသည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF) အပါအဝင် ပါတီရုံးခန်အရေအတွက် မပြည့်မှီသည့် အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ(DNP)၊ အမျိုးသမီးပါတီ(မွန်)နှင့် ပြည်ထောင်စု လယ်သမားအလုပ်သမားအင်အားစုပါတီ စုစုပေါင်းနိုင်ငံရေးပါတီ(၄) ပါတီကို နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းကြောင်း ဖော်ပြသည်။
ဖျက်သိမ်းခံရသည့် နိုင်ငံရေးပါတီ (၄) ပါတီစလုံးသည် ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီများဖြစ်သဖြင့် လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဝင်ပြိုင်မည့် နိုင်ငံရေးပါတီ ၉ ခု အနက် ၅ ခုသာ ကျန်ရှိတော့ကြောင်း သိရသည်။
ကျန်ရှိနေသည့် ပြည်ထောင်စုအဆင့် နိုင်ငံရေးပါတီများသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)မှ လွဲ၍ ကျန်ပါတီများသည် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် တစ်နေရာမျှအနိုင်မရခဲ့သည့် ပါတီများလည်း ဖြစ်သည်။
လက်ရှိတွင် စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်နယ်နှင့် တိုင်းကိုယ်စားပြု နိုင်ငံရေးပါတီများလည်း ကိုယ်စားလှယ်လောင်း ပြည့်မီရန် ရှာဖွေရခက်ခဲခြင်း၊ ငွေးကြေးနှင့် လုံခြုံရေးအခက်အခဲ စသည့်အခြေအနေများနှင့်လည်း ရင်ဆိုင်နေရဆဲဖြစ်သည်။




