Thursday, March 19, 2026
More
    spot_img
    Homeသတင်းဘားအံထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်ခြင်း၊ တိုက်ပိတ်အပြစ်ပေးခြင်းများ ဆက်တိုက်လုပ်ဆောင်

    ဘားအံထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်ခြင်း၊ တိုက်ပိတ်အပြစ်ပေးခြင်းများ ဆက်တိုက်လုပ်ဆောင်

    -

    ကရင်ပြည်နယ်၊ ဘားအံအကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက ဖိနှိပ်ခြင်း၊ တိုက်ပိတ်ပြစ်ဒဏ်ပေးခြင်း စသည့်ထောင်တွင်းအခွင့်အရေးချိုးဖောက်မှုများကို ဆက်တိုက်လုပ်ဆောင်လာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် PPNM က ဆိုသည်။

    ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်မှစပြီး ဘားအံအကျဥ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၁၂ ဦး ၃ လကြာ တိုက်ပိတ်ထားခံခဲ့ရပြီး ယင်းအနက် နိုင်ငံရေးအကျဉ်းသား ၁ ဦး အသက်ဆုံးရှုံးသွားခဲ့ရသည်ဟု သိရသည်။

    ကျန်ရှိသည့် အကျဉ်းသားများကို လက်ရှိအချိန်ထိ တိုက်ပိတ်ထားဆဲဖြစ်သည့်အပြင် အစာရေဆာ မလုံလောက်မှု၊ ဖိနှိပ်ခိုင်းစေမှုနှင့် ထောင်အာဏာပိုင်တို့မှ ရိုက်နှက်မှုများ ကျူးလွန်နေသည်ဟု PPNM မှ တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောသည်။

    “နိုင်ကျဉ်းတွေကိုဆက်ပြီးတော့ တိုက်ပိတ်ထားဆဲဖြစ်တယ်။ နောက်ပြီး မထင်ရင် မထင်သလို ထောင်အာဏာပိုင်တွေရဲ့ ဝင်ရောက်ရိုက်နှက်တာတွေခံထားရတယ်၊ အခုဖြစ်ပေါ်နေတဲ့ အခြေအနေမှာ ပြင်ပကိုသတင်းမထွက်ဖို့ အကျဉ်းဦးစီးဌာနတစ်ရပ်လုံးအနေနဲ့ရော လုပ်ဆောင်နေတယ်၊ နိုင်ငံရေး အကျဉ်းသားတွေရဲ့အသက်ဟာ ကြက်ကလေး၊ ဌက်ကလေးလိုမျိုးအချိန်မရွေး သတ်ဖြတ်လို့ရနိုင်တယ်” ဟု ပြောသည်။

    ထောင်အတွင်း နှိပ်စက်နေသည့်အခြေအနေများကို ပြင်ပနှင့် ပြည်သူလူထုကြား သတင်းပေါက်ကြားခြင်း မရှိစေရန် အကျဉ်းဦးစီးဌာနတစ်ရပ်လုံးမှ စနစ်တကျလုပ်ဆောင်နေသဖြင့် နိုင်ငံရေးအကျဉ်းသားများ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရသည့် အနေအထားတစ်ရပ်ဖြစ်နေသည်ဟု ၎င်းကဆက်ပြောသည်။

    PPNM မှ ပြန်ကြားရေးတာဝန်ခံ မရောင်နီလင်းက“သူတို့က အုပ်ရိုးနဲ့ အဆောင်နံရံကြားထဲမှာရှိတဲ့ နေရာကိုရေညှိတိုက်တာတွေလုပ်ခိုင်းတယ်၊ မနက် ၉ နာရီကနေ ၁၀ နာရီအထိ နေပူတဲ့အချိန်ဖြစ်ဖြစ် မိုးရွာတဲ့အချိန်ပဲဖြစ်ဖြစ်တိုက်ရတယ်၊ တိုက်ပိတ်ခံထားရတဲ့နိုင်ကျဉ်းတွေကို သတ်ပစ်ဖို့အထိ ခြိမ်းခြောက်တာမျိုးရှိတယ်။ အခုဘားအံထောင်က အရမ်းဆိုးဝါးတာပဲ” ဟု ပြောသည်။

    ဘားအံအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားအပါအဝင် အကျဉ်းသားစုစုပေါင်း ၁၈၀၀ ဝန်းကျင်ရှိပြီး အစားအသောက်နှင့် နေရာထိုင်ခင်းများကို ထောင်အာဏာပိုင်များက ဖြစ်သလိုသာ စီစဉ်နေကြောင်းလည်း သိရသည်။

    စာရင်းများအရ စစ်တပ်‌အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၈ ရက် ယမန်နေ့အထိ မြန်မာနိုင်ငံတွင် မတရားဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၆၄၁) ဦးရှိပြီး  (၂၂၃၇၃) ဦးမှာ အကျဉ်းထောင်များအတွင်း ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း (AAPP)၏ စာရင်းများတွင် ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks