ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းရှိ သင်္ဃန်းညီနောင်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည့် စစ်ကော်မရှင်စစ်ကြောင်းသည် လတ်တလောတွင် နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေပြီး တော်လှန်ရေးအဖွဲ့နှင့် ပစ်ခတ်မှုအနည်းငယ်ဖြစ်ပွားနေကြောင်း သိရသည်။
ကရင်အမျိုးသားလွတ်မြောက်ရေတပ်မတော် KNLA နှင့် PDF ပူးပေါင်းတပ်များထိန်းချုပ်ထားသည့် အာရှလမ်းပိုင်းကို သြဂုတ်လ ၂၈ ရက်မှစတင်၍ ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကော်မရှင်တပ်မှ စစ်ဆင်ရေးတစ်ရပ်အဖြစ် ဆောင်ရွက်၍ စက်တင်ဘာ ၆ ရက်နေ့တွင်ပြန်လည် သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။
တော်လှန်ရေးတပ်ဖွဲ့များက ၎င်းတို့သည်စိုးမိုးနယ်မြေမှ တပ်ဆုတ်ထားရသည့် အနေအထားဖြစ်ကြောင်း စစ်တပ်မှ အာရှလမ်းပိုင်း၊ ကုန်းမြင့်နေရာများတွင် ယခင်ကဲ့သို့နေရာယူတပ်စွဲထားသဖြင့် တော်လှန်ရေးအဖွဲ့မှ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ပါက တိုက်ပွဲအချိန်မရွေးဖြစ်လာနိုင်သည်ဟု မြေပြင်ရောက် တော်လှန်ရေးသတင်းအရင်းမြစ်တစ်ဦးက IMNA သို့ ပြောသည်။

“ အခုနယ်မြေရှင်းလင်းရေး လုပ်နေတော့ ပစ်ခတ်မှုနည်းနည်းတော့ ကြားနေရတယ်၊ ထိတွေ့တော့မဖြစ်ဘူး တော်လှန်ရေးဘက်က ပြန်လည်းထိုးစစ်ဆင်မလား၊ မဆင်ဘူးလားက မသိနိုင်သေးဘူး တိုက်ပွဲကအချိန်မရွေးဖြစ်နိုင်သေးတယ်။ အာရှလမ်းပိုင်း ကုန်းတွေတစ်လျှောက်က စစ်သားတွေနေခဲ့တဲ့နေရာဟောင်းတွေမှာ အကုန်ပုံမှန်ပြန်နေကုန်ပြီး၊ အရင်က သူတို့အင်အားတွေ အဲ့လိုမတွေ့ဘူး ဘယ်ကနေဘယ်ကိုပေါ်လာ မှန်း မသိဘူး၊ သူတို့စစ်မျက်နှာသုံးခုဖွင့်ထားတယ်” ဟု ဆိုသည်။
စစ်ကော်မရှင်မှ အာရှလမ်းပိုင်းအား နယ်မြေလုံခြုံရေး လုပ်ဆောင်ပြီးနောက် ပြန်လည်ဖွင့်လှစ်မည်ဟု ပြောဆိုထားသော်လည်း လတ်တလောတွင် အရပ်သားယာဉ်များ ကော့ကရိတ်အထိသာ လမ်းပိုင်းအသုံးပြုနိုင်ပြီး၊ လုံခြုံရေးအခြေအနေစိုးရိမ်နေရသည်။
စစ်ကော်မရှင်မှ အာရှလမ်းမကြီးအပြင် မြဝတီဒေသရှိ တော်လှန်ရေးအင်အားစုများ စိုးမိုးထားသည့်နယ်မြေ၊ တပ်စခန်းများကိုလည်း ထပ်မံစီးနင်းသိမ်းပိုက်နိုင်ရန်အလားလာရှိနေကြောင်း သတင်းများထွက်ပေါ်လျှက်ရှိသည်။
ယင်းလမ်းပိုင်းကို ထိုးစစ်ဆင်တိုက်ခိုက်ရာတွင် ကရင်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) BGF တပ်ဖွဲ့အကူအညီဖြင့် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
စစ်ရေးစောင့်ကြည့်လေ့လာနေသူတစ်ဦးက သင်္ဃန်းညီနောင်ကို စစ်ကော်မရှင်မှ သိမ်းပိုက်လိုက်ချိန်တွင် တိုက်ပွဲပြင်းပြင်းထန်ထန် ဆင်နွှဲခဲ့ရခြင်းမရှိကြောင်း ၊ KNU မှ ညှိနှိုင်းချက်တစ်စုံတစ်ရာရ၍ နောက်ဆုတ်ထားရခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုသည်။
“တော်လှန်ရေးတွေက ဆုတ်လိုက်တာပဲ။ လမ်းပိုင်းကိုသိမ်းတုန်းက သေနတ်အသံတောင်မကြားရဘူး၊ တစ်နေ့နဲ့တစ်ညပဲ ဆက်တိုးသွားတယ် နံနက်ပိုင်းကသူတို့ထွက်သွားပြီး သင်္ဃန်းညီနောင်ရောက်သွားရောပဲ။ လေကြောင်းနဲ့တိုက်တာက ဒီငါးတိုင်ဘက်မှာပဲဖြစ်တယ် တစ်ခုခုတော့ညှိနှိုင်း ထားတာရှိမယ်။ ဘာလို့ဆို စစ်ကြောင်းထိုးနေတာနှစ်စကတည်းက အခုမှထိုးလို့ရသွားတာက BGF တွေကူညီတာက မြေပြင်မှာကူတာမျိုးတော့မကြားဘူး ညှိနှိုင်းတဲ့နေရာမှာ ကူပေးတာမျိုးရှိတယ်” ဟု ပြောသည်။
ကော့ကရိတ်-သင်္ဃန်းညီနောင်-မြဝတီ အာရှလမ်းမကြီးကိုထိန်းချုပ်နိုင်ပြီးဖြစ်သည့်အတွက် KNU ၏ မြဝတီ၊ ကော့ကရိတ်၊ ဘားအံမြို့ကိုသိမ်းပိုက်ပြီး သီးခြားကော်သူးလေပြည်နယ်ထူထောင်ရေးအိပ်မက်ကိုအပြီးတိုင် ရိုက်ချိုးနိုင်ခဲ့ပြီးဖြစ်သည်ဟု စက်တင်ဘာလ ၇ ရက်နေ့တွင် စစ်ကော်မရှင်မှ သတင်းထုတ်ပြန်သည်။
သင်္ဃန်းညီနောင်အား ပြန်လည်သိမ်းပိုက်ပြီးနောက် စစ်ကော်မရှင် စစ်ကြောင်းများသည် မြဝတီကုန်သွယ်ရေးဇုန်အထိ စစ်ရေးလှုပ်ရှားမှုများ ရှိနေသည်။
လက်ရှိတွင် အင်အားထောင်ကျော်ရှိသည့် စစ်ကောင်စီစစ်ကြောင်းသည် ထိုင်း-မြန်မာနယ်စပ်ရှိ မဲကော်ကင်းနှင့် မင်းလက်ပံအထိ ထိုးစစ်ဆင်ရောက်ရှိလာနိုင်သဖြင့် ဒေသခံ ပြည်သူများ တိမ်းရှောင်နေရသည်ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
“အခု မင်းလက်ပံထိစစ်ကြောင်းထိုးတယ်၊ မင်းလက်ပံကလူတွေ မဲ့ကော်ကင်းကိုပြေးနေရပြီး၊ အဲ့တာပါ ပေးလိုက်ရရင် တော်လှန်ရေးတွေ အသွားအလာတအားကြပ်သွားမဲ့ အနေအထားရှိတယ်” ဟု ၎င်းက ပြောသည်။
ယမန်နေ့ နံနက်ပိုင်းကလည်း မြဝတီမြို့တောင်ဘက်တွင်ရှိသည့် လေးကေ့ကော်မြို့သစ်နှင့် ရသေ့ဂူကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်နှင့်ပေါင် ၅၀၀ ဗုံး ကြဲချခဲ့ကြောင်းလည်း စစ်ဘေးရှောင်အရေး သွားရောက်ကူညီပေးနေသူများထံမှ သိရသည်။
စစ်ကော်မရှင် အောင်ဇေယျစစ်ဆင်ရေးအနေဖြင့် တစ်နှစ်ကျော်ကြာ ထိုးစစ်ဆင်လာရာမှ ယခုစက်တင်ဘာလတွင် သိမ်းပိုက်နိုင်ခဲ့သည့် အာရှလမ်းပိုင်းကို ကုန်သွယ်ရေးအရ အရေးပါသည့် လမ်းမကြီးအဖြစ် ဖွင့်လှစ်နိုင်သည်အထိ မြဝတီဒေသအတွင်းသို့ ထိုးစစ်ဆင်မှု ဆက်လက်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်းလည်း သုံးသပ်သည်။


