spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းကျောင်းသားဗီဇာ ၁၀,၀၀၀ ခန့်ကို ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက ရုပ်သိမ်း

    ကျောင်းသားဗီဇာ ၁၀,၀၀၀ ခန့်ကို ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက ရုပ်သိမ်း

    -

    ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနမှ စည်းမျဉ်းစည်းကမ်းနှင့် မကိုက်ညီသည့် ကျောင်းသားဗီဇာ (Temporary Stay Permit) ၁၀,၀၀၀ ခန့်ကို ဖျက်သိမ်းလိုက်ကြောင်း အဆင့်မြင့်ပညာ၊ သိပ္ပံ၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှုဝန်ကြီးဌာန (MHESI) က ယမန်နေ့ သြဂုတ်လ ၂၃ ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။

    ကျောင်းသားဗီဇာဖြင့် ယာယီနေထိုင်နေသည့် နိုင်ငံခြားသားများ  အလုပ်အကိုင်အတွက် အလွဲသုံးစားလုပ်ဆောင်သူ များလာသောကြောင့် အဆိုပါကိစ္စကို တားဆီးသည့် အစီအစဉ်တစ်ရပ်အနေဖြင့် ထိုင်းအစိုးရက စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် ပျက်ကွက်သည့် နိုင်ငံခြားသား ၁၀,၀၀၀ နီးပါး၏ ယာယီနေထိုင်ခွင့်ကို ရုပ်သိမ်းကာ စစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

    ထိုင်းတက္ကသိုလ်ကျောင်းသား မွန်လူငယ်တစ်ဦးက “တက္ကသိုလ်ကျောင်းက မဟုတ်တဲ့ အသေးစားပရိုဂရမ်တွေကို စစ်ဆေးတာ။ ခုက ထိုင်းမှာ ကျောင်းသားဗီဇာနဲ့လာပြီး တရားမဝင်အလုပ်တွေလုပ်နေတာများတယ်။ ဒါကြောင့် သူတို့က ထိန်းချုပ်ဖို့လုပ်တာ”ဟု ပြောသည်။

    ထိုအပြင် အချိန်တို (non-degree) သင်တန်းပရိုဂရမ်များတွင် တက်ရောက်နေသော နိုင်ငံခြားကျောင်းသားများကို တိုက်ရိုက် စိစစ်နိုင်ရန် တရားဝင်အချက်အလက် ညှိနှိုင်းစနစ် (centralised database system) တစ်ရပ်ကို ထိုင်းတက္ကသိုလ်များနှင့် လူဝင်မှုကြီးကြပ်ရေးဌာန(IB) တို့ ပူးပေါင်းလုပ်ဆောင်သွားမည် ဖြစ်သည်။

    “အဓိကကတော့ ထိုင်းမှာ သင်တန်းတိုး(non-degree) တက်ရောက်နေသူတွေကို စစ်ဆေးတာ။ အဲဒီပရိုဂရမ်တွေမှာ သင်တန်းတက်နေတဲ့ ကျောင်းသားကျောင်းသူတွေရဲ့အချက်အလက်တွေကို အစိုးရကို ပေးပို့ရမယ်။ သူတို့က စစ်ဆေးပြီး ဗီဇာနဲ့နေထိုင်ခွင့် ထုတ်ပေးမပေး ဆုံးဖြတ်မှာ”ဟု ထိုင်းနိုင်ငံတွင် ကျောင်းတက်နေသည့် မွန်လူငယ်က ဆိုသည်။

    အဆင့်မြင့်ပညာအင်စတီကျု(ပရိုဂရမ်)များက သင်တန်းအစီအစဉ်အလိုက် တက်ရောက်နေသည့် နိုင်ငံခြားကျောင်းသားစာရင်းများကို MHESI သို့ တင်သွင်းရမည်ဖြစ်ပြီး၊ ထိုစာရင်းများကို လူဝင်မှုကြီးကြပ်ရေးဌာနက အဆင့်ဆင့် စိစစ်ပေးသွားမည်ဖြစ်သည်။

    အဆိုပါ စစ်ဆေးမှုများသည် ဗီဇာထုတ်ပေးခြင်းနှင့် ယာယီနေထိုင်ခွင့် ပေးခြင်းတို့အတွက် ထည့်သွင်းစဉ်းစားမည်ဖြစ်ပြီး၊ ကျောင်းသားဗီဇာကို အလွဲသုံးစားလုပ်ပြီး ထိုင်းနိုင်ငံတွင် တရားမဝင်အလုပ်လုပ်နေသူများကို ထိန်းချုပ်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

    ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် မေလကပင် နိုင်ငံတကာကျောင်းသားများကို ရေတိုကျောင်းသားဗီဇာ (Non-degree Course) ပေးအပ်မည်ဆိုပါက လိုက်နာရမည့် လုပ်ဆောင်ချက် စည်းမျဉ်းစည်းကမ်းများကို အဆင့်မြင့်ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီးဖြစ်သည်။

    လက်ရှိ ဗီဇာပြန်လည်ရုပ်သိမ်းခံရသည့် နိုင်ငံခြားသားများသည် မည်သည့်နိုင်ငံမှဖြစ်သည်ကို ဖော်ပြထားခြင်းမရှိသေးပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks