spot_img
Friday, August 22, 2025
More
    spot_img
    Homeဆောင်းပါးရွေးကောက်ပွဲအတွက် နယ်မြေစိုးမိုးနိုင်ရေး စစ်ကော်မရှင်တပ် ဘယ်လိုကြိုးပမ်းနေလဲ

    ရွေးကောက်ပွဲအတွက် နယ်မြေစိုးမိုးနိုင်ရေး စစ်ကော်မရှင်တပ် ဘယ်လိုကြိုးပမ်းနေလဲ

    -

    စစ်ကော်မရှင်တပ်မှ စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ် ၆၃ ခုကို ရက်ပေါင်း ၉၀ အတွင်း ပြန်လည်ရရှိရေး စီမံချက်ဖြင့် ထိုးစစ်ဆင်လျှက်ရှိပြီး ရွေးကောက်ပွဲကျင်းပရန် ကြေညာထားသည့် မြို့နယ်ပေါင်း ၁၀၂ ခုကိုလည်း မြို့၊ ရွာမကျန် အလုံစုံပြန်လည်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းလာနေသည်ကို တွေ့ရှိရသည်။

    ရွေးကောက်ပွဲကော်မရှင် UEC က ရွေးကောက်ပွဲအပိုင်း (၁) ကျင်းပမည့်နေ့ရက်နှင့် ပါဝင်သည့် မြို့နယ်စာရင်းများကို ထုတ်ပြန်ထားပြီးဖြစ်သလို ဆက်လက်ကျင်းပပြုလုပ်မည့် အပိုင်းလိုက် နေ့ရက်များကိုလည်း ဆက်လက်ထုတ်ပြန်သွားမည် ဖြစ်သည်။

    စစ်ကော်မရှင်၏ ရွေးကောက်ပွဲ အပိုင်း (၁) တွင် မွန်ပြည်နယ်အတွင်းရှိ သထုံ၊ ကျိုက်ထို၊ ကျိုက်မရော၊ မော်လမြိုင်နှင့် ချောင်းဆုံမြို့နယ်တို့ ပါဝင်ပြီး ကျန်မြို့နယ်များလည်း နယ်မြေစိုးမိုးနိုင်ရေးပေါ် မူတည်ပြီး ဆက်လက်ကျင်းပသွားမည် အခြေအနေရှိသည်။

    လက်ရှိတွင် ရွေးကောက်ပွဲကျင်းပသွားမည့် နယ်မြေများကို အမြန်ဆုံး နယ်မြေရှင်းလင်းနိုင်ရေးနှင့် လုံခြုံရေးလုပ်ငန်းစဉ်များကို စစ်ကော်မရှင်က ကြိုတင်ဆောင်ရွက်နေပြီဟု သထုံခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝာာဝန်ခံ ကိုအေးမင်းထွန်းက ပြောသည်။

    “အခုက ရွေးကောက်ပွဲအတွက် ကြိုပြီး နယ်မြေရှင်းလင်းရေးလုပ်တယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ရန်ကုန်-မော်လမြိုင်ကားလမ်းနဲ့ နီးစပ်တဲ့ ရွာတွေကို စစ်ကြောင်းထိုးတဲ့ ပုံစံမျိုးလုပ်လာတာ ရှိတယ်။ ပြီးတော့ ကားလမ်းမကြီး ဘေးဝဲတွေမှာ ကင်းပုန်းထိုးတာတွေ လုပ်နေတယ်။ အဲဒါက သူတို့(စစ်ကော်မရှင်) အလုပ်ပါ။ ကျနော်တို့ကတော့ တတ်နိုင်သလောက်တော့ တားမြစ်သွားရမှာပဲ” ဟု ကိုအေးမင်းထွန်းက ပြောသည်။

    အလားတူ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိကော့သောင်း၊ ထားဝယ်၊ မြိတ်နှင့် ဘုတ်ပြင်းမြို့နယ်တို့လည်း ရွေးကောက်ပွဲအပိုင်း (၁) တွင် ပါဝနေသည်။

    ထိုဒေသတွင် ရွေးကောက်ပွဲလုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး နိုင်ငံရေးပါတီတို့က လှုပ်ရှားဆောင်ရွက်မှုများ မလုပ်ဆောင်နိုင်သေးသော်လည်း စစ်ကော်မရှင်တပ်တို့က ကျေးရွာများအတွင်း စစ်ကြောင်းထိုးနေရာယူရန် ပြင်ဆင်လာသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကော့သောင်းခရိုင် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုကျားကြီးက ပြောသည်။

    “ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကော့သောင်းခရိုင်မှာ နိုင်ငံရေးပါတီတွေက သိပ်ပြီးတော့ မလှုပ်ရှားရဲသေးပါ ဘူး။ ရပ်ရွာတွေမှာ လိုက်လံပြောဆိုစည်းရုံးတာတွေလည်း မတွေ့သေးဘူးပေါ့နော်။ ဒါပေမဲ့ နယ်မြေရှင်းလင်းရေးဆိုတဲ့ ပုံစံမျိုး လှုပ်ရှားစစ်ကြောင်းတွေတော့ ထွက်လာနေတာ ရှိတယ်။ ကျနော်တို့လည်း တိုက်ခိုက်ချေမှုန်းနေပါတယ်” ဟု ကိုကျားကြီးက ပြောသည်။

    စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် ကရင်ပြည်နယ်အတွင်းရှိ ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့ကို ရွေးကောက်ပွဲဆက်လက်ကျင်းပနိုင်ရေးအတွက် တပ်အင်အား၊ လက်နက်အင်အား အမြောက်အများသုံးပြီး စစ်ကြောင်းထိုး တိုက်ခိုက်လာနေသည်။

    ထိုအပြင် ကရင်ပြည်နယ်ရှိ ဘားအံ၊ မြဝတီနှင့် သံတောင်ကြီးမြို့နယ်တို့မှာ ရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပသွားရန် စစ်ကော်မရှင်က ကြေညာထားသည်။

    လက်ရှိတွင် ဘားအံမြို့နယ်အဝင်အထွက်လမ်းကြောင်းများကို လုံခြုံရေးယူရန် စစ်ကောင်စီတပ်နှင့် ခွဲထွက် DKBA အဖွဲ့တို့က ပြင်ဆင်နေပြီး မြဝတီနှင့် သံတောင်ကြီးမြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း ရှိ၊ မရှိဆိုသည်ကို ဗိုလ်မှူးစောချစ်သူပေါ် မူတည်သည်ဟု ကရင်ပြည်နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။

    “ဘားအံဘက်ခြမ်းမှာ စကစနဲ့ ခွဲထွက်အဖွဲ့တွေက လမ်းကြောင်း လုံခြုံရေးယူဖို့ ရှိနေပါတယ်။ ကျနော်တို့ထိန်းချုပ်ထားတဲ့ နယ်မြေဘက်ကိုလည်း စိုးမိုးဖို့ ခုရက်ထဲမှာ စစ်ကြောင်းတော်တော်လွတ်လာ နေတယ်။ မြဝတီဘက်ကတော့ လောလောဆယ် စောချစ်သူက ထိန်းထားတဲ့အတွက် ရွေးကောက်ပွဲ ဖြစ်၊ မဖြစ်က သူ့အပေါ်ပဲ မူတည်ပါတယ်။ စောချစ်သူ ကိုင်စွဲထားတဲ့ ကရင်အချင်းချင်း တိုက်ပွဲမဖြစ်ဘူးဆိုတဲ့မူက စကစရဲ့ ရွေးကောက်ပွဲဖြစ်ရင်တော့ KNU နဲ့ စောချစ်သူက ထိပ်တိုက်တွေ့ဆုံမှာပါ” ဟု အထက်ပါရဲဘော်က ပြောသည်။

    တော်လှန်ရေးအင်အားစုတို့က စစ်ကော်မရှင် ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ထားပြီး ရွေးကောက်ပွဲပါဝင်လှုပ်ရှားသူများ၊ ရွေးကောက်ပွဲကျင်းပသည့် နေရာများကိုလည်း စစ်ရေးအရ တိုက်ဖျက်သွားမည်ဟု ထုတ်ပြန်သတိပေးထားပြီ ဖြစ်သည်။

    ထိုကြောင့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲသည် လက်ရှိဖြစ်ပေါ်နေသည့် စစ်ရေး နိုင်ငံရေးပဋိပက္ခများကို ဖြေရှင်းမပေးနိုင်သလို သွေးထွက်သံယိုမှုများသာ ပိုမိုဖြစ်ပွားလာစေနိုင်သည်ဟု နိုင်ငံရေးသုံးသပ်သူများက ပြောဆိုလျက်ရှိသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,500SubscribersSubscribe
    spot_img

    Latest posts