ထိုင်းနိုင်ငံ၏ တရားရေးဝန်ကြီးချုပ် ထဝီဆော့ဒ်ဆောင်(Tawee Sodsong)က ထိုင်းနိုင်ငံတွင် ဘိန်းစာရွက်သုံးစွဲရောင်းချမှု အလွန်အကျွံဖြစ်လာပြီး စိုးရိမ်ပူပန်ဖွယ်ရာအခြေအနေဖြစ်ပေါ်လာသည့်အတွက် သုံးစွဲရောင်းချမှုကို ထိန်းချုပ်နိုင်မည့် ဥပဒေတစ်ရပ်ကို ထုတ်ပြန်ရန် စီစဉ်နေကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။

တရားရေးဝန်ကြီးချုပ် ထဝီဆော့ဒ်ဆောင်အနေဖြင့် ပြီးခဲ့သည့် သြဂုတ်လ ၂၀ ရက်နေ့က ကျန်းမာရေးဝန်ကြီးချုပ် ဆွမ်းဆက်သက်စုပင်နှင့် တွေ့ဆုံခဲ့ပြီး ဘိန်းစာရွက်ထိန်းချုပ်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတိုင်ပင်ခဲ့ကြကြောင်း သိရသည်။
ထိုင်းအမျိုးသားလွှတ်တော်မှ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က ဘိန်းစာရွက်ကို မူးယစ်ဆေးစာရင်းမှ ဖယ်ရှားခဲ့ပြီးနောက် ၎င်းအပေါ်ထိန်းချုပ်မှုမရှိသလို အလွန်အကျွံ သုံးစွဲမှုများလည်း ဖြစ်ပေါ်လာနေကြောင်း ဆိုသည်။
အထူးသဖြင့် ဘိန်းစာရွက်ပြုတ်ရည်ကို အခြားမူးယစ်ဆေးများနှင့်ရောပြီး သောက်သုံးနေကြခြင်းကြောင့် ထိုင်းနိုင်ငံတောင်ပိုင်းအပြင် တစ်နိုင်ငံလုံးတွင် စိုးရိမ်ပူပန်ဖွယ်ရာအခြေအနေများ ဖြစ်ပေါ်နေကြောင်း ၎င်းကထောက်ပြခဲ့သည်။
ဝန်ကြီးထဝီက “ဥပဒေအရ တရားရေးဝန်ကြီးနဲ့ ကျန်းမာရေးဝန်ကြီးတွေက လမ်းဘေးမှာ ဘိန်းစာရွက် ရောင်းချတာကို တားမြစ်နိုင်သလို သတ်မှတ်ချက်ချနိုင်တဲ့ အခွင့်အာဏာ ရှိတယ်။ အဲဒီအမိန့်ကို အမြန်ထုတ်ဖို့ လိုအပ်တယ်။ မထုတ်နိုင်ဘူးဆိုရင် ကျနော်တို့ လမ်းပေါ်ဥပဒေတွေကို အသုံးချရလိမ့်မယ်” ဟု ထိုင်းသတင်းဌာနတွင် ပြောဆိုခဲ့သည်။
ထိုင်းနိုင်ငံသည် မြန်မာအပါအဝင် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ လာအို စသည့်ပြည်ပရွေ့ပြောင်း အလုပ်သမားအများအပြား အလုပ်လုပ်ကိုင်နေသည့် နိုင်ငံဖြစ်ပြီး အဆိုပါအလုပ်သမားအများစုသည် ဘိန်းစာရွက်ပြုတ်ရည်ကို ဆေးဝါးအဖြစ်လည်းကောင်း၊ အလုပ်စွမ်းရည်မြှင့်ရန်နှင့် အပျော်အပါးအတွက် သောက်သုံးရာမှ အလွန်အကျွံသုံးစွဲလာကြသည်။
ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ ဩဂုတ် ၂၆ ရက်နေ့က ဘိန်းစာရွက်(Kratom) အသုံးပြုခြင်းကို တရားဝင်းအဖြစ် သတ်မှတ်ခဲ့ပြီး အစားအစာ၊ အချိုရည်များ အပါအဝင် ကုန်ပစ္စည်းများကို ရောင်းချနိုင်သည့် အခွင့်အလမ်းများ ဖွင့်လှစ်ပေးခဲ့သည်။ ထို့အပြင် အွန်လိုင်းမှ ရောင်းချခြင်းကိုပါ ခွင့်ပြုထားခဲ့ကြောင်း သိရသည်။
တရားဝင်အဖြစ်သတ်မှတ်ပြီး ၃ နှစ်အကြာတွင် လူမှုပြဿနာတစ်ခုအဖြစ်ရင်ဆိုင်လာရသဖြင့် ပြန်လည်ထိန်းချုပ်ကန့်သတ်ရန် စီစဉ်လာခြင်းဖြစ်သည်။