spot_img
Sunday, March 1, 2026
More
    spot_img
    Homeသတင်းနိုင်ငံတကာအထောက်အပံ့ နည်းလာသည့်နောက် မွန်အမျိုးသားကျန်းမာရေးဌာနမှ  ဆေးဝါးပြတ်လပ်မှုဖြစ်မည်ကို စိုးရိမ်လာရ

    နိုင်ငံတကာအထောက်အပံ့ နည်းလာသည့်နောက် မွန်အမျိုးသားကျန်းမာရေးဌာနမှ  ဆေးဝါးပြတ်လပ်မှုဖြစ်မည်ကို စိုးရိမ်လာရ

    -

    နိုင်ငံတကာအထောက်အပံ့နည်းလာသည့်နောက် မွန်ပြည်သစ်ပါတီ၊ မွန်အမျိုးသားကျန်းမာရေးကော်မတီ(MNHC) လက်အောက်ရှိ ဆေးရုံ၊ဆေးခန်းများတွင်  ဆေးဝါးမလုံလောက်ဘဲ ပြတ်လပ်မှုဖြစ်မည်ကို စိုးရိမ်လာရကြောင်း မွန်အမျိုးသားကျန်းမာရေးကော်မတီ တာဝန်ရှိများက ဆိုသည်။

    ယခုနှစ်အတွင်း ငှက်ဖျားဆိုင်ရာလုပ်ငန်းများအတွက် အရေးပါသည့် American Refugee Committee (ARC)အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှု ရပ်တန့်သွားခဲ့ရသည့်အပြင် အခြားနိုင်ငံတကာကျန်းမာရေးအဖွဲ့အစည်းအချို့နှင့်လည်း လက်တွဲပူးပေါင်းမှု ရပ်တန့်လာခဲ့ရသည်။

    ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာလိုအပ်ချက်များအတွက် လက်ရှိတွင် ထိုင်းနှင့်နိုင်ငံတကာအဖွဲ့အစည်းများမှ အဓိကထောက်ပံ့နေသော်လည်း ဆေရုံ၊ ဆေးခန်းများအတွင်းရှိ နေ့စဉ်ကုန်ကျစရိတ်များကို မကာမိကြောင်း (MNHC) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    “ ဈေးနှုန်းအရရော လမ်းပမ်းဆက်သွယ်ရေးခက်ခဲမှုအရရော ကျနော်တို့စပြီးတော့ ဒုက္ခရောက်လာနိုင်တယ်။ ပြီးတော့ ထိုင်းဘက်ကနေ နိုင်ငံတကာအဖွဲ့အစည်းတွေကနေ တစ်နှစ်ကို နှစ်ခါသုံးခါလောက် စုပြီးလှူတာမျိုးတွေရှိတယ်။ သူတို့လှူတယ်ဆိုပေမယ့်လဲ ကျနော်တို့ နေ့စဉ်သုံးနေတဲ့ ကုန်ကျစရိတ်တွေကို ကာမိတာတော့မဟုတ်ဘူး။ ကျနော်တို့က ရန်ပုံငွေသက်သက်ထားပြီးတော့ ပြည်တွင်းမှာ ပြန်ဝယ်ရတယ်” ဟု (MNHC) တာဝန်ရှိသူက ဆက်ဆိုသည်။

    (MNHC) မှ ယခင်နှစ်များတွင် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူပေါင်း၍ ပညာပေးသင်တန်းများ၊ ကျန်းမာရေးဆိုင်ရာ ပူးပေါင်းမှုလုပ်ငန်းများကို ပြုလုပ်နိုင်ခဲ့သော်လည်း ယခုနှစ်တွင် ထိထိရောက်ရောက်မလုပ်ဆောင်နိုင်ပေ။

    စစ်ရေးပဋိပက္ခများပြင်းထန်လာခြင်းနှင့်အတူ လမ်းပမ်းဆက်သွယ်ရေးအခက်အခဲများဖြစ်ပေါ်နေခြင်း၊ ဆေးဝါးပစ္စည်းတင်သွင်းခွင့်ကို နယ်စပ်မှကန့်သတ်ပိတ်ပင်ခြင်းနှင့် ဈေးနှုန်းမြင့်တက်လာခြင်းတို့ကြောင့်လည်း ဆေးဝါးပြတ်လပ်မှုဖြစ်လာမည်ကို စိုးရိမ်ရကြောင်း အထက်ပါ တာဝန်ရှိသူက ဆက်ပြောသည်။

    “ လွယ်လွယ်ကူကူသယ်ဆောင်ပြီးတော့ ဝယ်ယူလို့ရတဲ့ အခြေအနေ မဟုတ်တော့ဘူး။ ကျနော်တို့ဘက်က ၃ ရက်နဲ့ ပြတ်လပ်မှုတွေဖြစ်သွားရင် ဒုက္ခတော့ရောက်နိုင်တယ်။ ဒီကိစ္စကို ကျနော်တို့စဉ်းစားဖို့ လိုလာတယ်ပေါ့နော်” ဟု ဆိုသည်။

    သို့သော်လည်း မွန်အမျိုးသားကျန်းမာရေးကော်မတီ(MNHC)မှ ကုသရေးဆိုင်ရာ လုပ်ငန်းများကို ပြည်သူများသို့ ပုံမှန်အတိုင်း အပြည့်အဝဝန်ဆောင်မှုပေးပြီး ဆက်လက်ဆောင်ရွက်နေဆဲဖြစ်သည်။

    လက်ရှိအခြေအနေအရ ကုသရေးအတွက် ကျန်းမာရေးဝန်ထမ်းအင်အားများ နည်းပါးလာနေပြီး ဝန်ထမ်းအင်အားနှင့် အရည်အချင်းမြှင့် သင်တန်းများလည်း လိုအပ်နေသည်။

    မွန်အမျိုးသားကျန်းမာရေးကော်မတီ(MNHC)သည် မွန်ပြည်သစ်ပါတီ(NMSP)  ထိန်းချုပ်ရာနယ်မြေအတွင်း ဆေးရုံကြီး (၃)ရုံနှင့် ကျေးလက် ဆေးပေးခန်း (၁၈)ခု၊ ကျန်းမာရေးဝန်ထမ်းနှင့် ရုံးဝန်ထမ်း စုစုပေါင်း ( ၁၃၀ )ကျော်ဖြင့် လည်ပတ်လျက်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks