တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်း သေဆုံးပြီး၊ ထောက်ပို့ကား ၈ စီး ပျက်စီးကာ လက်နက်ခဲယမ်းများနှင့် ရိက္ခာများ သိမ်းဆည်းရမိကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်သည်။
ထားဝယ်မြို့မှ မေတ္တာမြို့သို့ စစ်ကြောင်းထိုးလားသော စစ်ကောင်စီတပ်ဖွဲ့ကို ကရင်အမျိုးသားလွှတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ-၄ တပ်ရင်း (၁၂)၊ တပ်ရင်း (၁၀) နှင့် တော်လှန်ရေး ပူပေါင်းတပ်တို့က သြဂုတ်လ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့တို့တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။
စစ်ကြောင်းထိုးလားသော စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေး ပူပေါင်းတပ်ဖွဲ့တို့က စောင့်ကြို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
နှစ်ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦး ထက်မနည်း သေဆုံးသွားသည်ဟု KNU က ဆိုထားသည်။
၎င်းပြင် စစ်တပ် ထောက်ပို့ကား ၈ စီး ပျက်စီးပြီး လက်နက်ခဲယမ်းများနှင့် ရိက္ခာများလည်း သိမ်းဆည်းရမိသည်ဟု ဆိုသည်။
တိုက်ပွဲဖြစ်ပွားသည့် နေရာကို စစ်ကောင်စီတပ်က တိုက်လေယာဉ် ၃ စီးဖြင့် ၇ ကြိမ်ခန့် ဗုံးကျဲတိုက်ခိုက်ခဲ့သည်ဟုလည်း KNU က ထုတ်ပြန်ထားသည်။


ဓါတ်ပုံ – သိမ်းဆည်းရမိသော စစ်ကောင်စီ ယာဉ်တန်းမှ ပစ္စည်းများ။