spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းစပါးအရည်သွေးမကောင်းသဖြင့် ဈေးနှုန်းကျဆင်းပြီး စပါးသိုလှောင်ထားသူများအရှုံးပေါ်

    စပါးအရည်သွေးမကောင်းသဖြင့် ဈေးနှုန်းကျဆင်းပြီး စပါးသိုလှောင်ထားသူများအရှုံးပေါ်

    -

    မွန်ပြည်နယ်တွင် လက်ရှိစပါးပေါက်ဈေး ၁၅ သိန်းဝန်းကျင်အထိ ဈေးနှုန်းကျဆင်းနေပြီး ကုန်သည်များမှလည်း လာရောက်ဝယ်ယူခြင်းမရှိသောကြောင့် စပါးသိုလှောင်ထားသူများ အရှုံးပေါ်နေသည်ဟု ကုန်သည်နှင့် မိုးစပါးစိုက်တောင်သူများထံမှ သိရသည်။

    ယမန်နှစ်မိုးစပါးရာသီတွင် စပါးဈေးတင်း ၁၀၀ လျှင် ကျပ်သိန်း ၃၀ ကျော်အထိ ပေါက်ဈေးရှိခဲ့သော်လည်း စပါးအရည်သွေးညံ့ဖျင်းမှုကြောင့် လက်ရှိတွင်  စပါးတင်း ၁၀၀ လျှင် ကျပ် ၁၅ သိန်းဝန်းကျင်သာ ဈေးရှိနေပြီး ကုန်သည်အများစု သိုလှောင်ဝယ်ယူခြင်းမလုပ်ဆောင်တော့ကြောင်း သိရသည်။

    ဈေးနှုန်းရရှိမှုနည်းပြီး အရှုံးပေါ်နေသော်လည်း စပါးအသစ်မထွက်မီ သိုလှောင်ထားသည့်စပါးများကို မဖြစ်မနေ ရောင်းချရမည်ဖြစ်ကြောင်းလည်း မုဒုံမှ စပါးကုန်သည်တစ်ဦးက ပြောသည်။

    "စပါးဈေးက ပြန်တက်မလား ဒီဈေးအတိုင်းပဲ ဆက်နေမလားတော့မသိဘူး။ လောလောဆယ်တော့ ဈေးနှုန်းကို စောင့်ကြည့်နေတယ် စပါးအဟောင်းကလဲ ယူမဲ့သူလဲမရှိ။ ဘယ်ဈေးပဲယူယူပေါ့လေ စပါးအသစ်ထွက်ရင် အိမ်မှာလဲ ထားဖို့နေရာမရှိဘူး။ ထားတာကြာရင်လည်း ဆန်ကမကောင်းတော့ဘူးလေ"ဟု သူကဆိုသည်။

    လာမည့် ပွင့်လင်းရာသီ စပါးလှိုင်ချိန်၊ စပါးဦးပေါ်ချိန်တွင် ဈေးနှုန်းထပ်မံ လျော့ကျနိုင်သော်လည်း ထိုကာလနောက်ပိုင်း စပါးဈေးပြန်မြင့်နိုင်မည်ဖြစ်သဖြင့် တောင်သူများစိတ်ဓါတ်မကျရန်နှင့် ချက်ချင်းထုတ်ရောင်းခြင်းမလုပ်ဆောင်ကြရန်လည်း လူမှုကွန်ရက်မှတစ်ဆင့်တောင်သူများ တိုက်တွန်းလျှက်ရှိသည်။

    မွန်-ကရင် နယ်စပ်ဂိတ်များတွင်လည်း ယာဉ်တစ်စီးလျှင် ဆန်အများဆုံး ၅ အိတ်သာ တင်သွင်းရန်ကန့်သတ်ထားကြောင်းနှင့် ငွေပေးချေပြီးသား စပါးများကို သယ်ယူပို့ဆောင်ရန် အခက်အခဲရှိနေသည်ဟု သိရသည်။

    အလုပ်သမားငှားရန်ခက်ခဲပြီး လုပ်အားခဈေးကြီးပေးရသည့်အတွက် တောင်သူအများစုက မိုးစပါးကို ရသမျှနည်းဖြင့် စိုက်ပျိုးနေသဖြင့် စပါးအရည်အသွေးညံ့ဖျင်းသွားကြောင်း မိုးစပါးစိုက်တောင်သူတစ်ဦးက ဆိုသည်။

    “အရင်နှစ်က စပါးတင်း ၁၀၀ ဆိုရင် သိန်း ၃၀ ကျော်ရတယ် ဒီနှစ်က ၁၆ သိန်းလောက်ပဲရတယ် ဈေးကလဲကျ ဝယ်မဲ့သူကလဲမရှိနေဘူး အရည်သွေးမကောင်းတာက တောင်သူတွေက ပျိုးတဲ့နည်းကို မသုံးကြတော့ဘူး အများစုက ကြဲတဲ့နည်းကိုပဲ အသုံးများတော့ ကြဲတာက ဆန်မလှဘူး ပြီးတော့ မြေဩဇာလဲဈေးတက်တော့ လယ်သမားအများစုက စပါးကို မြေဩဇာ လုံလုံလောက်လောက် ထည့်မနိုင်တာလဲပါတယ်” ဟု စပါးကုန်သည်အမျိုးသမီးတစ်ဦးက ဆိုသည်။

    ယမန်နှစ်မိုးရာသီက စပါးဈေး ၂၄ သိန်းဝန်းကျင်ရှိနေစဉ်တွင် ဓါတ်မြေသြဇာဈေ တစ်အိတ် ၉၀၀၀၀ ကျော်ရှိခဲ့ပြီး ယခုနှစ် စပါးဈေး ၁၅ သိန်းဝန်းကျင် ပေါက်ဈေးရှိနေချိန်တွင် ဓါတ်မြေသြဇာဈေး ၁၄၀၀၀၀ ဝန်ကျင်းအနီးဖြစ်နေကြောင်းလည်း တောင်သူများက ခိုင်းနှိုင်းတွက်ချက်ထားသည်။

    ထို့ကြောင့် ယခုနှစ်တွင် အလုပ်သမားမရှိခြင်းနှင့် ဓါတ်မြေသြဇာစရိတ်မြင့်တက်ခြင်းကြောင့် မိုးစပါးကို ရသမျှနည်းဖြင့်သာ စိုက်ပျိုးနေကြသည်။

    လတ်တလောအခြေအနေအရ နိုင်ငံတကာဈေးကွက်တွင် ဆန်ဈေးနှုန်းများ အလွန်ကျဆင်းနေချိန် စပါးစိုက်တောင်သူများအတွက် သင့်တင့်မျှတသည့် စပါးဈေးဖြစ်စေရေး၊ ဆန်တင်ပို့ရောင်းချမှုများ မြှင့်တင်ဆောင်ရွက်ရေးတို့ကို ဆောင်ရွက်သွားမည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ပြီးခဲ့သည့် သြဂုတ် ၁၉ ရက်နေ့က ဆွေးနွေးပွဲပြုလုပ်၍ ပြောဆိုထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks