စစ်ကော်မရှင်က အတင်းအဓမ္မ ဖမ်းဆီးစုဆောင်းထားသည့် လူငယ်အမျိုးသားများဖြင့် စစ်မှုထမ်းသင်တန်း အပတ်စဉ် (၁၆) အထိ ဖွင့်လှစ်ထားပြီးဖြစ်သလို အမျိုးသမီး စစ်မှုထမ်းသင်တန်းကိုလည်း လျှို့ဝှက်စွာ စတင်ဖွင့်လှစ်နေသည်ဟု သတင်းထွက်ပေါ်လျက်ရှိသည်။
အမျိုးသမီးစစ်မှုထမ်းသင်တန်း လျှိုဝှက်ဖွင့်လှစ်နေသည့်အကြောင်းအရာကို ယခုသြဂုတ်လ ၁၃ ရက်နေ့က “မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MSDI)” လူမှုကွန်ရက်စာမျက်နှာ၏ ဖော်ပြမှုမှတစ်ဆင့် သတင်းပေါက်ကြားလာခဲ့ခြင်းဖြစ်သည်။
အဆိုပါ သင်တန်းကို ရန်ကုန်တိုင်း၊ မှော်ဘီအခြေစိုက် အမှတ် ၄ အရာခံနှင့် အကြပ်ကြီးသင်တန်းကျောင်း (ရကသ-၄) တွင် လျှိုဝှက်စွာ ဖွင့်လှစ်နေသည်မှာ ၂ လခန့်ရှိပြီ ဖြစ်သည်ဟု MSDI က ရေးသားဖော်ပြထားသည်။

“အမျိုးသမီးစစ်မှုထမ်းသင်တန်းကိုသူတို့(စစ်ကော်မရှင်) စဖွင့်နေပြီလို့ သိထားတယ်။ လောလောဆယ် ရန်ကုန်တိုင်း ရကသ-၄ မှာပဲ အပတ်စဉ် (၁) ကို ဖွင့်ထားတယ်။ တင်းကျပ်ထားလို့ အသေးစိတ်စုံစမ်းဖို့ ခက်ခဲနေပါတယ်။ ကျနော်တို့လည်း အသေးစိတ်အချက်အလက်တွေရနိုင်ဖို့ ထပ်မံ စုံစမ်းနေပါတယ်” ဟု MSDI စစ်ဘက်သုတေသန တာဝန်ခံ ကိုနောင်ရိုးက IMNA ကို ပြောပြသည်။
လက်ရှိတွင် အမျိုးသမီးစစ်မှုထမ်းသင်တန်းအတွက် စစ်ကော်မရှင်က နိုင်ငံအနှံ့ အမျိုးသမီးငယ်များကို စစ်ဆေးဖမ်းဆီးနေသည့်အတွက် ဒေသအချို့တွင် အမျိုးသမီးပျောက်ဆုံးမှုများ ဖြစ်ပွားလာနေကြောင်း၊ စစ်ကော်မရှင်ထိန်းချုပ်ထားသည့် မြို့၊ ရွာ၊ ရပ်ကွက်အချို့တွင် အမျိုးသမီးစာရင်းကောက်ခံမှုများလည်း လျှိုဝှက်စွာ လုပ်ဆောင်လျက်ရှိသည်ဟု MSDI က ၎င်းတို့ ရရှိခဲ့သည့် အချက်အလက်ကို ပြောပြသည်။
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်းဥပဒေထဲတွင် လူငယ်အမျိုးသားများ အပါအဝင် အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများကလည်း စစ်မှုထမ်းရမည်ဟု ထုတ်ပြန်ခဲ့ပြီး အမျိုးသမီးစစ်မှုထမ်းသင်တန်း ဖွင့်လှစ်နေသည့် အကြောင်းအရာကိုတော့ စစ်ကော်မရှင်က တရားဝင်ထုတ်ပြန်လာခြင်း မရှိသေးသလို စစ်ကော်မရှင်ထောက်ခံ တယ်လီဂရမ်ချယ်နယ်များတွင်လည်း ရေးသားဖော်ပြခြင်း မတွေ့ရသေးပေ။
သို့သော် ယခုလ (သြဂုတ်) မှစတင်ပြီး ထိုင်း-မြန်မာနယ်စပ် ရနောင်း-ကော့သောင်းလမ်းကြောင်းတွင် တရားမဝင် ခိုးဝင်မှု၊ မူးယစ်ဆေးဝါးမှုနှင့် ရာဇဝတ်မှုအမျိုးမျိုးဖြင့် ထိုင်းအာဏာပိုင်တို့မှ ဖမ်းဆီးထိန်းသိမ်းထားသည့် မြန်မာနိုင်ငံသားများကို မြန်မာအာဏာပိုင်ဘက်သို့ လွှဲပြောင်းပေးသည့်နောက် စစ်မှုထမ်းအကျုံးဝင်သူ အမျိုးသားများသာမက အမျိုးသမီးများကိုပါ ဖမ်းဆီးထိန်းသိမ်းပြီး လူစုဆောင်းမှု စတင်လုပ်ဆောင်လာသည်ဟု ကော့သောင်းမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“ရနောင်း-ကော့သောင်းနယ်စပ်လမ်းကြောင်းကနေ ရာဇဝတ်မှုအမျိုးမျိုးနဲ့ ထိုင်းဘက်က ရနောင်း(လဝက) အချုပ်ရုံးမှာ ဖမ်းမိထားတဲ့ မြန်မာနိုင်ငံသားတွေကို လစဉ် မြန်မာပြည်က ကော့သောင်းဘက်ကို လွှဲပြောင်းပေးနေတယ်။ အထဲမှာ စစ်မှုထမ်းအကျုံးဝင်သူတွေကို မြန်မာစစ်တပ်က စစ်ဆေးပြီး ဖမ်းဆီးခေါ် ဆောင်နေတယ်။ ဒီအသုတ် (သြဂုတ် ၁၅) လွှဲပြောင်းပေးတုန်းကတော့ အမျိုးသမီးတွေကိုပါ စစ်တပ်က ခေါ်ဆောင်သွားတယ်လို့ ကြားထားတယ်” ဟု အထက်ပါ ကော့သောင်းမြို့ခံအမျိုးသမီးက ပြောသည်။
ဖမ်းဆီးခံထားရသည့် အမျိုးသား၊ အမျိုးသမီးများကို ကော့သောင်းအခြေစိုက် ခလရ -၂၆၂ တပ်ရင်းအတွင်း ထိန်းသိမ်းထားလေ့ရှိပြီး ထိုမှတစ်ဆင့် ရေလမ်းဖြင့် အခြားစစ်မှုထမ်းသင်တန်းရှိရာဒေသသို့ ပို့ဆောင်ပေးနေသည်ဟု ဒေသခံတို့က ပြောဆိုကြသော်လည်း IMNA အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ထိုင်းနိုင်ငံဘက်ခြမ်းမှ မြန်မာပြည်သို့ လွှဲပြောင်းပေးသူများကို မှတ်ပုံတင်၊ စမတ်ကဒ် ပြုလုပ်ပေးရန် ဆေးစစ်ပြီး နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးလျက်ရှိကြောင်း စစ်ကော်မရှင်သတင်းချယ်နယ်ကလည်း မကြာခဏ ဝါဒဖြန့်ထုတ်လွှင့်လေ့ရှိသည်။
စစ်ကော်မရှင်က ၎င်းတို့အာဏာတည်မြဲရေးအတွက် နိုင်ငံလုံခြုံရေးနှင့် ကာကွယ်ရေးစနစ်ထဲတွင် အမျိုးသမီးပါဝင်ရေးဆိုပြီး အချိန်မရွေး စစ်မှုထမ်းသင်တန်းဖွင့်လှစ်နိုင်ပြီး အမျိုးသမီးများကို အတင်းအဓမ္မ ခေါ်ဆောင်လာနိုင်ကြောင်း၊ စစ်မှုထမ်းအသက်အရွယ်အကျုံးဝင်သည့် အမျိုးသမီးများအတွက် စိတ်မလုံခြုံမှုနှင့် ကြောက်ရွံမှုများကို ထပ်တိုးလာစေနိုင်သည်။
“သူတို့ (စစ်ကော်မရှင်တပ်) က အမျိုးသမီးစစ်မှုခေါ်ရင်လည်း တစ်အိမ်တက် တစ်အိမ်ဆင်း ပြီးတော့ စာရင်းကောက်နေတော့မှာ မဟုတ်ဘူး။ လမ်းမှာ ကြုံရာအမျိုးသမီးတွေကိုပဲ ဆွဲခေါ်သွားမဲ့သဘောမျိုး ဖြစ်လာနိုင်တယ်။ အမျိုးသမီးစစ်မှုထမ်းဆိုပေမဲ့ သူတို့ (စစ်မကော်ရှင်) မှာ ကျွန်အဖြစ် ခိုင်းစေဖို့ ရည်ရွယ်ပြီး ခေါ်မှာပါ” ဟု မြန်မာပြည်တောင်ပိုင်း အမျိုးသမီးအရေးလှုပ်ရှားဆောင်ရွက်သူ မိသုတဂျော်က ပြောသည်။
ထိုအပြင် နောက်ဆက်တွဲအနေဖြင့် စစ်မှုထမ်း အသက်အရွယ်အကျုံးဝင်တဲ့ အမျိုးသမီးများ မိမိနေအိမ်နှင့် ရပ်ကွက် ကျေးရွာများအတွင်း မနေရဲ၊ မအိပ်ရဲတော့ပဲ ပြည်ပနိုင်ငံများသို့ တိမ်ရှောင်ထွက်ပြေးမှုကလည်း ပိုများလာနိုင်သည့် အခြေအနေရှိကြောင်း ၎င်းက ဆက်ပြောသည်။
တပ်အင်အားပြုန်းတီးမှုများစွာဖြစ်ပေါ်နေသည့် အာဏာသိမ်းစစ်ကော်မရှင်သည် စစ်မှုမထမ်းမနေရစနစ်အား အသက်သွင်းပြီးနောက် နိုင်ငံအတွင်းရှိ လူငယ်များ ခြိမ်းခြောက်မှုများစွာ ကြုံတွေ့နေရခြင်းဖြစ်သည်။
ထိုကြောင့် လူငယ်အများစုသည် မြန်မာနိုင်ငံအား စွန့်ခွာပြီး အိမ်နီးချင်းထိုင်းနိုင်ငံနှင့် အခြားနိုင်ငံများသို့ အခက်အခဲများကြားမှ ရသည့်နည်းဖြင့် တိမ်းရှောင်နေရသလို တော်လှန်ရေးတပ်ဖွဲ့များအတွင်းသို့ ဝင်ရောက်သွားသူများလည်းရှိနေကြသည်။
ယခုတွင်လည်း ပဋိပက္ခဖြစ်စဉ်များအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု၊ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ မုဒိမ်းမှု ကျူးလွန်ရန် အကျင့်စရိုက်အသင့်ရှိနေသည့် မြန်မာစစ်တပ်၏ စစ်မှုထမ်းအဖြစ် အဓမ္မစုဆောင်းခြင်းမခံရစေရေး လူငယ်အမျိုးသမီးများအနေဖြင့် သတိကြီးစွာထားရမည်ဖြစ်ကြောင်း ပြောဆိုနေကြသည်။