spot_img
Sunday, March 1, 2026
More
    spot_img
    Homeသတင်းထိုင်းတွင် ငွေကြေးလိမ်လည်မှုများကို တားဆီးရန် အလည်အပတ်ဗီဇာနှင့် ဘဏ်အကောင့်ဖွင့်ထားသူများကို ယာယီပိတ်သိမ်း

    ထိုင်းတွင် ငွေကြေးလိမ်လည်မှုများကို တားဆီးရန် အလည်အပတ်ဗီဇာနှင့် ဘဏ်အကောင့်ဖွင့်ထားသူများကို ယာယီပိတ်သိမ်း

    -

    ထိုင်းနိုင်ငံတွင် ငွေကြေးလိမ်လည်မှုဆိုင်ရာကိစ္စများကို တိုက်ဖျက်ရန်အတွက် မြန်မာအပါအဝင် အလည်အပတ်ဗီဇာ(Tourist Visa) နှင့် ဘဏ်အကောင့်ဖွင့်ထားသည့် နိုင်ငံခြားသားများ၏ အကောင့်များကို ဘန်ကောက်ဘဏ်မှ ယာယီပိတ်သိမ်းထားကြောင်း သိရသည်။

    ထိုင်းတွင် အလည်အပတ်ဗီဇာနှင့်ဘဏ်အကောင့်များဖွင့်ပြီး တရားမဝင်လုပ်ငန်းများ၊ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများလုပ်ကိုင်ရန် ရည်ရွယ်အသုံးပြုသူများလာခြင်းကြောင့် ငွေကြေးလိမ်လည်မှုတားဆီးရန်နှင့် ဘဏ်လုံခြုံရေးမြှင့်တင်ရန်အတွက် ယမန်နေ့က သြဂုတ်လ (၁၉)ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါအလည်အပတ်ဗီဇာနှင့် ဖွင့်လှစ်ထားသည့် ဘဏ်အကောင့်ပိုင်ရှင်များသို့ အသိပေးစာပေးပို့ပြီး ယာယီပိတ်သိမ်းလိုက်သည်ဟု သိရသည်။

    အသိပေးစာတွင် အလည်အပတ်ဗီဇာနှင့် ဘဏ်ဖွင့်ထားသူများအနေဖြင့် မိမိတို့၏ ဘဏ်အကောင့်များကို စစ်ဆေးရန်နှင့် အဆင့်မြှင့်ပြုပြင်မွမ်းမံရန်အတွက် ရက်(၃၀)အတွင်း Passport မူရင်းနှင့် အထောက်အထား (supporting documents) များကို ယူဆောင်ကာ ဘဏ်သို့သွားရောက်ပြုလုပ်ကြရန် ဖော်ပြပါရှိသည်။

    “မြန်မာနိုင်ငံသားတွေအသုံးများတဲ့ ဘန်ကောက်ဘဏ် (Bangkok Bank)အကောင့်ကို ယာယီပိတ်လိုက်တာ။ ကျနော်ကတော့ ပိတ်ခံရတဲ့အထဲပါသွားပါတယ်။ ခုက ဘဏ်ကို သုံးလို့မရဘူး။ ငွေတွေထုတ်လို့မရဘူး။ လက်ကျန်ငွေကို ATM ကဒ်သုံးပြီးလည်း ထုတ်မရသေးဘူး။ သူတို့က ရက် (၃၀) အတွင်း ကိုယ့် ဖွင့်ခဲ့တဲ့ဘဏ်မှာ လိုအပ်တဲ့ documents တွေနဲ့ပြန်သွားလုပ်ရမယ်လို့ ပြောတယ်"ဟု ထိုင်းနိုင်ငံ ချင်းမိုင်မြို့နေ မွန်လူငယ်တစ်ဦးက ဆိုသည်။

    ဘဏ်သို့ မူရင်းပတ်စပိုစ်၊ ဘဏ်စာအုပ်၊ ဆင်းကဒ်ပိုင်ဆိုင်မှု စာရွက်၊ နေထိုင်ကြောင်း အထောက်အထား (အိမ်ငှားစာချုပ်၊ TM30 )၊ Long-term ဗီဇာတစ်မျိုးမျိုး(သို့) ဘဏ်ကို အသုံးပြုရသည့် ရည်ရွယ်ချက်အထောက်အထားအချို့ကို ပြသနိုင်ရမည်ဖြစ်ကြောင်း ဆိုသည်။

    သို့သော် စာရွက်စာတမ်းအပြည့်အစုံဖြင့် သွားရောက်ခဲ့သော်လည်း ချက်ချင်း ပြန်မဖွင့်ပေးသေးဘဲ တစ်ပတ် (သို့) နှစ်ပတ်အတွင်း အကြောင်းပြန်ပေးမည်ဟုသာ ဘဏ်တာဝန်ရှိသူများမှ ပြောကြားခဲ့ကြောင်း သိရသည်။

    “ဘဏ်အကောင့်ပိတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဒီနေ့မနက် ကိုယ်တိုင်ဘဏ်ကို သွားခဲ့တယ်။ documents တွေ ပြတာတောင်နှစ်ပတ်စောင့်ရမယ်၊ သူတို့အပေါ်မှာပဲမူတည်တယ်။ ဖွင့်ပေးရင် ဆက်သုံး၊ ဖွင့်မပေးရင် နှစ်ပတ်ကြာပြီးမှ ကိုယ့်ပိုက်ဆံကိုယ်ပြန်ထုတ်ရမှာ။ ပိုက်ဆံကိုတော့ ရသည်ဖြစ်စေ မရသည်ဖြစ်စေ ပြန်ထုတ်ပေးဖြစ်လို့သူတို့ပြောထားတယ်”ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ထိုင်းရောက် မွန်လူငယ်က ဆိုသည်။

    ငွေလိမ်လည်မှုလုပ်ငန်းများကို တားဆီးသည့်အနေဖြင့် ထိုင်းဗဟိုဘဏ်မှ နေ့စဉ်ငွေလွှဲနိုင်သည့်ပမာဏကို အများဆုံး ဘတ် ၅၀,၀၀၀ သာ လွှဲရန်စီစဉ်နေကြောင်း ငွေပေးချေမှုစနစ်နှင့် ငွေကြေးသုံးစွဲသူကာကွယ်ရေးဆိုင်ရာ ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ ဒါရန်နီဆေဂျူးက သြဂုတ်လ ၁၉ ရက်နေ့တွင် ပြောကြားခဲ့သည်။

    ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအထိ ထိုင်းတွင် ဘဏ်အကောင့်ပေါင်း သုံးသန်းကျော်ကို ဆိုင်းငံ့ထားခဲ့ပြီး၊ အကောင့်ပေါင်း ၁၇၇, ၀၀၀ ကျော်သည် လိမ်လည်မှုများနှင့် ဆက်စပ်နေသည်ဟု သိရသည်။

    ထိုင်းဘဏ်အကောင့်အသုံးပြု၍ ငွေကြေးလိမ်လည်မှုဖြင့် လက်ရှိ၂၀၂၅ ခုနှစ်တွင် ထိုင်းဘတ်ငွေ ၅၆၅၁ သန်းဆုံးရှုံးခဲ့ရပြီး ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း၌လည်း ဘတ်ငွေသန်း ၈၅၉၀ သန်းဆုံးရှူံးခဲ့ကြောင်း ထိုင်းဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks