လူမှုကွန်ရက်စာမျက်နှာများမှ လူပျောက်ဆုံးနေကြောင်း ကြေညာထားသည့် ဆက်သွယ်ရန် ဖုန်းနံပါများမှတစ်ဆင့် ကာယကံရှင်များ ငွေညှစ်တောင်းခံနေရကြောင်း မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ကာယကံရှင်များ၏ ပြောပြချက်အရ သိရသည်။
ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ခလောက်အင်းရပ်ကွက်တွင် နေထိုင်သည့် ၁၀ တန်းကျောင်းသူ အမျိုးသမီးငယ်တစ်ဦး ပြီးခဲ့သည့်သြဂုတ် ၂ ရက်နေ့က ကျောင်းသွားလမ်း၌ ပျောက်ဆုံးခဲ့ပြီး မိသားစုဝင်များမှ ကိုယ်တိုင်လိုက်လံရှာဖွေစုံစမ်းမှု လုပ်ဆောင်နေသည့်အပြင် လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အကူအညီတောင်းခံ၍ ရှာဖွေစုံစမ်းမှုလုပ်ဆောင်နေကြောင်း သိရသည်။
ထိုသို့ လူမှုကွန်ရက်မှတစ်ဆင့် ဖော်ပြထားသော မိသားစုဝင်၏ ဖုန်းနံပါတ်များမှတစ်ဆင့် အမည်မသိ အမျိုးသားများမှ ဆက်သွယ်လာပြီး ပျောက်ဆုံးနေသူကို တွေ့ရှိပြီးဖြစ်ကြောင်း၊ အခြားသူလက်ထဲသို့ မရောက်စေလိုပါက ငွေကြိုတင်လွှဲရမည်ဟုဆိုကာ မကြာခဏ ဆက်သွယ်နေကြောင်း အထက်ပါ ကာယကံရှင် မိသားစုဝင်တစ်ဦးက ဆိုသည်။

“ ခလေးပျောက်တာ ရှာဖို့အတွက် အမတို့က ဖုန်းနံပါတ်ထည့်ထားတာမဟုတ်လား၊ အဲ့ကနေ ဖုန်းဆက်လာပြီး ခလေးတွေ့တယ်လို့၊ ဘာတို့၊ ငွေ ၇ သိန်းထည့်လာလို့ပြောတယ်။ အမက ငွေမရှိဘူးလို့ပြောတော့ ၃ သိန်းအရင်ထည့်လာပေးလို့ပြောတယ်။ သမီးလေးနဲ့ စကားအရင်ပေးပြောလို့မရဘူးလား၊ မရဘူးလို့ သူပြောတယ်။ ၃ သိန်းအရင်လွှဲတဲ့ ပြီးရင်မော်လမြိုင်အောက်ဈေးကို လာခဲ့ဖို့လည်း ပြောတယ်"ဟု ဆိုသည်။
အဆိုပါ ဖုန်းခေါ်ဆိုမှုများကို သက်ဆိုင်ရာသို့တိုင်ကြားပြီးနောက် ငွေလိမ်လည်မှုလုပ်ဆောင်နေသည်ကို သိရကြောင်းဆက်ပြောသည်။
အလားတူ တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်တွင်လည်း ပြီးခဲ့သည့် ဇွန်လအတွင်းက လူပျောက်ဆုံး၍ လူမှုကွန်ရက်ပေါ် အကူအညီတောင်းရာမှ ငွေညှစ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းအခြေစိုက်သတင်းဌာနများမှ ဖော်ပြချက်အရ သိရသည်။
လူမှုကွန်ရက်ပေါ်တွင် လူငယ်လူရွယ်များ ပျောက်ဆုံးမှုများနှင့် ပတ်သက်သည့် လူပျောက်ကြော်ငြာများ များလာသည်နှင့်အမျှ အခွင့်ကောင်းယူပြီး အသုံးချလိုသူများ၏ ငွေလိမ်လည်တောင်းယူမှုများကို အထူးသတိရှိရန်လည်း လူမှုကူညီရေးလုပ်ငန်းဆောင်ရွက်နေသည့် မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။
“ မိဘတွေ ခလေးပျောက်လို့ သောကရောက်နေတဲ့ အကြားမှာ လူလိမ်တွေနဲ့ လာလာတွေ့တော့ မတရားဘူး။ လူကိုတွေ့လို့ ငွေတောင်းစရာအကြောင်းမှမရှိတာ လိမ်တဲ့သူတွေပဲ အကြောင်းအမျိုးမျိုးပြပြီး ငွေတောင်းတာ ခလေးပျောက်တဲ့မိသားစုဝင်တွေ သတိထားကြ၊ လွယ်လွယ်မယုံနဲ့ သေချာစုံစမ်းပြီးမှ လုပ်ကြဖို့သတိပေးချင်တယ်” ဟု သူကပြောသည်။
လူပျောက်ဆုံးမှု အကူအညီတောင်းခံထားသည့် မိသားစုဝင်များသည် ဖုန်းခေါ်ဆိုမှုအပြင် ပျောက်ဆုံးသူ၏ ဓါတ်ပုံကိုလည်း AI နည်းပညာဖြင့်ဖန်တီး၍ ငွေကြေးလိမ်လည်မှုများ လုပ်ဆောင်လာကြသည်။
မွန်ပြည်နယ်အတွင်းဖြစ်ပွားနေသည့် လူပျောက်မှုဖြစ်စဉ်များသည် စိုးရိမ်ရသည့်အခြေအနေဖြစ်သော်လည်း သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများဖြစ်သည့် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့များက ယနေ့အထိ လိုက်လံကူညီဆောင်ရွက်ပေးခြင်း အားနည်းနေဆဲဖြစ်ကြောင်း မြို့ပေါ်နေဒေသခံများက ဆိုသည်။