မွန်ညီညွတ်ရေးပါတီ (MUP) အနေဖြင့် မိမိတို့ ပါတီရှင်သန်ရေးအတွက် စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေ၏ ပြောဆိုချက်အရ သိရသည်။
ဩဂုတ် ၁၇ ရက်နေ့က မွန်ညီညွတ်ရေးပါတီ၏ CEC အစည်းအဝေး ပြုလုပ်၍ ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်ကြောင်း၊ မည်ကဲ့သို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုသည်ကို နောက်ပိုင်းတွင် တဖြည်းဖြည်းအစီအစဉ်များ ချမှတ်သွားမည်ဖြစ်ကြောင်း IMNA ကို ပြောပြသည်။

ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက “ကျနော်တို့ ၁၇ ရက်နေ့ အစည်းအဝေး လုပ်ခဲ့တာပေါ့၊ လုပ်တော့ အဓိက ဆွေးနွေးတာက ပြည်တွင်းမှာပေါ့၊ နိုင်ငံရေးပါတီအားလုံးကတော့ ပါတီမပျက်အောင်တော့ ရွေးကောက်ပွဲ ဝင်ရမှာပေါ့။ ရွေးကောက်ပွဲ ဝင်တဲ့အခါကြရင်တော့ ဘယ်လို ဝင်မလဲ၊ ဘယ်နေရာ ဘယ်လို ဝင်မယ်ဆိုတာ ကျနော်တို့ အစီအစဉ်တွေ ဆွဲနေတာပေါ့” ဟု ပြောသည်။
ထို့အတူ လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်မှု၊ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးနှင့် ပတ်သက်၍လည်း တဖြည်းဖြည်း ဆက်လက်လုပ်ဆောင်သွားရန် ရှိကြောင်း နိုင်သန်းရွှေက ဆက်ပြောသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ် ၃၉၉ (က)၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၃၄ (ဂ) နှင့် နည်းဥပဒေ ၁၆ (က) တို့အရ လွှတ်တော်အသီးသီးအတွက် ပါတီစုံအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း UEC က ထုတ်ပြန်ထားသည်။
အဆိုပါ ရွေးကောက်ပွဲကို နိုင်ငံတဝှမ်းရှိ မြို့နယ်အများအပြားကို မဲဆန္ဒနယ်အဖြစ် သတ်မှတ်ခဲ့သလို မွန်ပြည်နယ်ရှိ မြို့နယ် ၁၀ မြို့နယ်ကိုလည်း မဲဆန္ဒနယ်မြေအဖြစ် စစ်ကော်မရှင်က သတ်မှတ်ထားသည်။
မိမိတို့ မွန်ညီညွတ်ရေးပါတီ အနေဖြင့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်သော်လည်း တချို့မြို့နယ်များတွင် လွှတ်တော်ကိုယ်စားလှယ်မရှိသေးကြောင်း နိုင်သန်းရွှေက ပြောသည်။

“ကျနော်တို့ ပြည်သူ့လွှတ်တော်မှာကြတော့ တစ်မျိုးပေါ့နော်၊ ကျနော်တို့ နိုင်နိုင်ချေရှိတဲ့ နေရာပေါ့ ကျနော်တို့ ဝင်ပြိုင်မယ်၊ ပြည်နယ်လွှတ်တော်မှာကြတော့ သူက PR နဲ့ ရောထားတဲ့အခါကြတော့ ကျနော်တို့လည်း တချို့နေရာတွေ မရှင်းမလင်း ရှိတာပေါ့နော်၊ အထူးသဖြင့် ကျနော်တို့ တချို့နေရာတွေမှာ ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေ မရှိဘူး။ တချို့မြို့နယ်မှာ ဆိုလို့ရှိရင်၊ အဲဒါကို PR တွက်တဲ့အခါကြရင် ကျနော်တို့ မဲမရမှာကို စိုးရိမ်ရတယ်လေ၊ အဲဒါကိုတော့ မဖြစ်မနေ လွှတ်တော်ကိုယ်စားလှယ် ထည့်ရမယ့်အနေအထား ရှိတာပေါ့၊ ” ဟု ပြောသည်။
ထို့ကြောင့် ယခင်ရွေးကောက်ပွဲများအတွင် MUP အနိုင်ရခြင်း မရှိခဲ့သော ဘီးလင်း၊ ကျိုက်ထိုများတွင်လည်း အချိုးကျကိုယ်စားပြုစနစ် (PR) ဖြင့် ကျင်းပမည်ဖြစ်သောကြောင့် ဝင်ရောက်ယှဉ်ပြိုင်ရန် အခြေအနေရှိသည်ဟု ဆက်ပြောသည်။
နိုင်သန်းရွှေက “သဘောက ဘီးလင်း၊ ကျိုက်ထိုတို့က ကျနော်တို့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲက ကျနော်တို့ ဝင်မနိုင်ဘူးပေါ့၊ ဝင်မနိုင်တဲ့အခါကြတော့ အရင်က ရွေးကောက်ပွဲက FPTP လေ ဘာမှ ပြဿနာ မရှိဘူးလေ၊ ဒါပေမဲ့ အခု PR နဲ့ တွဲပြီး လုပ်လာတဲ့အခါကြတော့ အဲဒီနေရာမှာ ဝင်မပြိုင်လို့ရှိရင် ကျနော်တို့ ပါတီရဲ့ လိုဂို၊ ကျနော်တို့ပါတီ မပါဘူးပေါ့၊ မဲလာထည့်လို့ ရရှိရင် အဲဒီမဲတွေကို ကျနော်တို့ မရခဲ့ဘူး။ ကျနော်တို့လည်း အဲဒီနေရာတွေကို ဖြစ်တဲ့နည်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အခြေအနေ ရှိတယ်။ ဒါကတော့ ကျနော်တို့လည်း သိပ်ပြီး မရှင်းလင်းသေးဘူးပေါ့နော်၊ ကော်မရှင်ကိုလည်း ကျနော်တို့ ပြန်မေးရဦးမယ်” ဟု ပြောသည်။
ပြီးခဲ့သော ရွေးကောက်ပွဲများတွင် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) ဖြင့် ကျင်းပခဲ့ပြီး လက်ရှိတွင် အချို့ မဲဆန္ဒနယ်များမှာ မဲအများဆုံရသူ အနိုင်ယူသူ FPTP စနစ်နှင့် ရောနှောထားသော အချိုးကျကိုယ်စားပြုစနစ် (MMP) နှစ်မျိုးစလုံးကျင်းပမည်ဖြစ်သည့်အတွက် မရှင်းလင်းမှုများ ရှိနေကြောင်း နိုင်ငံရေးပါတီများက ပြောသည်။
အဆိုပါ စစ်ကော်မရှင်က ကျင်းပမည့် ရွေးကောက်ပွဲကို မပျက်ပျက်အောင်ဖျက်မည်ဟုလည်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ပြောကြားထားသလို တော်လှန်ရေးအင်အားစုအသီးသီးလည်း ပူးပေါင်းပါဝင်ခြင်း မပြုကြရန် ထုတ်ပြန်ထားသည်။