မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီတပ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
စစ်ကောင်စီတပ်သည် ကျိုက်ထိုမြို့နယ်အတွင်းရှိ အရပ်သားပြည်သူလူထုများကို ပစ်မှတ်ထားကာ ကျေးရွာများအတွင်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေသည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဩဂုတ်လ ၉ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီက ပျဉ်းကတိုးကုန်းကျေးရွာအုပ်စု ပိန္နဲကုန်းရွာအတွင်းသို့ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပိန္နဲကုန်းရွာသား ၁ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိသည့်အပြင် နေအိမ် ၅ လုံး၊ အိမ်သုံးကား ၃ စီး၊ ဆိုင်ကယ် ၃ စီးလည်း ထိခိုက်ပျက်စီးသွားသည်ဟု ဆိုသည်။
အလားတူ ဩဂုတ်လ ၁၁ ရက်နေ့ကလည်း ကျောက်လုံးကြီးကျေးရွာအုပ်စု ဝင်းသောင်ရွာနှင့် ကျောက်ပုံရွာကြားတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီ အမှတ် ၄၄ ခြေမြန်တပ်မဌာနချုပ်မှ လူနေကျေးရွာထဲကို လက်နက်ကြီး ၁၂၀ မမ (၁) လုံးပစ်ခတ်ခဲ့ရာ ဒေသခံတို့၏ လုပ်ငန်းခွင်များအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။
ယင်းနေ့ ညနေပိုင်းတွင်လည်း စစ်ကောင်စီတပ် ခလရ (၈) နှင့် ခမရ (၃) ပူးပေါင်းတပ်ဖွဲ့တို့မှ ချောင်းပြန့်ကျေးရွာအတွင်း ဝင်ရောက်ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် အသက် ၅၀ နှစ်အရွယ် နော်ပန်းကြည် ကျည်ထိမှန် ဒဏ်ရာရရှိပြီး ဆေးကုသခံယူနေရသည်ဟုလည်း KNU က ထုတ်ပြန်သည်။




