spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းထိုင်း၊ဘုရားသုံးဆူခရီးသည်များကို မွန်-ကရင်အစပ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များမှ ဖြတ်သန်းခွင့်မပြု

    ထိုင်း၊ဘုရားသုံးဆူခရီးသည်များကို မွန်-ကရင်အစပ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များမှ ဖြတ်သန်းခွင့်မပြု

    -

    မွန်နှင့်ကရင်ပြည်နယ်ကို ဆက်သွယ်ထားသည့် စစ်ကောင်စီစစ်ဆေးရေးဂိတ်များမှ ထိုင်း၊ဘုရားသုံးဆူဘက်သို့သွားလာမည့် ခရီးသည်များအား ယခုသြဂုတ်လအတွင်း တင်းတင်းကြပ်ကြပ်စစ်ဆေးနေပြီး သွားလာခွင့်မပြုနေကြောင်း သိရသည်။

    အဘစ်-ခလယ်တံခွန်တိုင် လမ်းပိုင်းပေါ်ရှိ အဘစ်စစ်ဆေးရေးဂိတ်၊ ကျိုက်မရော-စံပယ်ဂူ-ကြာအင်းဆိပ်ကြီးလမ်းပိုင်းတစ်လျှောက်ရှိ စစ်ဆေးရေးဂိတ်များနှင့် မုဒုံ-တောင်ကလေး- ကြားအင်းဆိပ်ကြီး ကားလမ်းမပေါ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တို့မှ စစ်အင်အားဖြည့်တင်းထားပြီး ခရီးသွားပြည်သူများကို စစ်ဆေးတင်းကြပ်နေသည်။

    အထူးသဖြင့် ထိုင်းနိုင်ငံသို့ဝင်ရောက်မည့်ခရီးသည်များကို ပစ်မှတ်ထားပိတ်ပင်နေသည်မှာ ၁၀ ရက်ကျော်ရှိလာပြီးဖြစ်ကြောင်း ဘုရားသုံးဆူယာဉ်မောင်းတစ်ဦးက ပြောသည်။

    ပုံ/ မုဒုံ-တံခွန်တိုင်-သံဖြူဇရပ်လမ်းဆုံနေရာ

    “ ၁၀ ရက်ကျော်လောက်တော့ရှိပါပြီး အဘစ်လမ်းကိုသွားမရလို့ တောင်ကလေးဘက် ဖြတ်လမ်းသွားနေပေမဲ့ အခုလည်းအဲမှာ သူတို့ဂိတ်ပြန်ချပြီး ပြန်စောင့်နေတယ်။ ကျိုက်မရောဘက်ကိုပြန်ပတ်သွားလည်း အဲ့မှာထပ်ပြီးတော့ဂိတ်တွေချတယ်၊ လူမတင်ထားတဲ့ကားဆိုသူတို့ပေး ဖြတ်တယ်၊ လူကတော့မရဘူး ”ဟုပြောသည်။

    ထို့ကြောင့် ခရီးသည်များကို ဆိုင်ကယ်ကယ်ရီ(သို့)မဟုတ် လမ်းလျှောက်၍ တစ်ဆင့်ခံပို့ဆောင်နေရသဖြင့် လမ်းခရီးနှောင့်နှေးပြီး ခရီးစရိတ်အကုန်အကျများလာကြောင်း ဆက်ပြောသည်။

    လက်ရှိ မော်လမြိုင်- ဘုရားသုံးဆူခရီးသည်တစ်ဦးလျှင် ကားခဘတ် ၁၀၀၀ အထိ ပေါက်ဈေးရှိနေသည်ဟု သိရသည်။

    မွန်ဒေသခံများအပြင် အခြားသောတိုင်းနှင့်ပြည်နယ်မှဒေသခံများလည်း ယင်းလမ်းကြောင်းများမှတစ်ဆင့် ထိုင်းနိုင်ငံဘက်သို့ထွက်ပြေးခိုလှုံသူများနေသဖြင့် စစ်ကောင်စီမှ ကန့်သတ်လိုခြင်းဖြစ်သည်ဟု အခြားယာဉ်မောင်းတစ်ဦးက သုံးသပ်ပြောဆိုသည်။

    “ဘာအတွက်ကြောင့်လည်းမပြောတတ်ဘူး ရွေးကောက်ပွဲနဲ့ပဲနီးလို့လား ဒါမှမဟုတ်စစ်မှူးထမ်းကြောင့် မပေးသွားစေချင်လားမသိဘူး။ အခုလုံးဝမပေးဖြတ်ဘူး အရင်ကဆိုပိုက်ဆံပေးပြီးဖြတ်သွားလို့ရနေတာပဲ” ဟု ၎င်းကပြောသည်။

    အဆိုပါအဘစ်လမ်းပိုင်းတွင် နေ့စဉ်ဖြတ်သန်းသွားလာနေသည့် သာမန်ဒေသခံများကိုလည်း မှတ်ပုံတင်အထောက်အထားမေးမြန်းသည့်အပြင် တင်ဆောင်လာသည့်ပစ္စည်းများကိုလည်း မွှေနှောက်ရှာဖွေနေခြင်းကြောင့် ဒေသခံများသွားလာရေးခက်ခဲနေခြင်းဖြစ်သည်။

    ခရီးသွားလာစရိတ် အကုန်ကျများသော်လည်း စားဝတ်နေရေးနှင့် နိုင်ငံရေးအခြေအနေကြောင့် ထိုင်းနိုင်ငံဘက်သို့ မွန်နှင့်ကရင်ဒေသခံများ သွားရောက်လိုသူ များနေဆဲဖြစ်ကြောင်းလည်း ယာဉ်မောင်းမှ ပြောဆိုချက်အရ သိရသည်။

    ဘုရားသုံးဆူမြို့ပေါ်တွင် မြန်မာမှ ထိုင်းနိုင်ငံဘက်သို့ ဝင်ရောက်လိုသူ နေ့စဉ်စုပြုံနေကြောင်း၊ ပွဲစားနှင့် ကားသမားများ၏ နေအိမ်များတွင် နေ့စဉ် ထောင်နှင့်ချီရှိနေကြောင်း မြို့ခံများမှ သိရသည်။

    ၂၀၂၄ ခုနှစ် UNDP မှ လူငယ် ၇၀၀၀ ကျော်ကို စာရင်းကောက်ယူမေးမြန်းရာတွင် ၄၀ ရာခိုင်နှုန်းခန့် နိုင်ငံအတွင်း၌ ဆက်မနေလိုသူများဟုပြောကြားထားပြီး၊ ပြည်တွင်းရှိလူငယ် ၁၀ ဦးအနက် ၄ ဦးသည် နိုင်ငံမှစွန့်ခွာလိုသူများဖြစ်ကြောင်း အစီရင်ခံစာဖော်ပြချက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks