ကရင်ပြည်နယ်၊ မြဝတီအာရှလမ်းပိုင်းကို စစ်ကောင်စီမှ အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ရေး နေစဉ်အင်အားဖြည့်နေပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့များနှင့်လည်း နေ့စဉ်ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်း မြေပြင်ရောက်တော်လှန်ရေးသတင်းရင်းမြစ်များမှ သိရသည်။
လတ်တလောတွင် ကျုံဒိုးမြို့အတွင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ လက်လွှတ်ပေးလိုက်ထားရသည့်အခြေအနေတွင် ရှိနေသည့်အတွက် စစ်တပ်မှ မြို့အတွင်းအထိုင်ချထားသည့်အပြင် စစ်ကြောင်းထိုးခြင်း၊ နယ်မြေရှင်းလင်းရေးလှုပ်ရှားခြင်းများကို စိတ်ကြိုက်လုပ်ဆောင်နေကြာင်း မြေပြင်ရောက် တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုသည်။

“၁၂ရက်နေ့အာရှလမ်းပိုင်းမှာတစ်နေ့လုံးဖြစ်တယ် သူတို့အင်အား ၂၀၀၀ ရှိတယ်၊ စစ်ကြောင်းထိုးတယ်၊ နယ်မြေရှင်းတယ် အဲ့ကျုံဒိုးမှာ သူတို့အထိုင်ချထားတယ်။ ဝင်တိုးဖို့ကျတော့ အခြေအနေမရှိသေးဘူး လောလောဆယ်တိုက်ပွဲဖြစ်ပွားမှုကတော့ အာရှလမ်းပိုင်းမှာပဲ။ ကျနော်တို့ရောသူတို့ရော နှစ်ဖက်လုံး တောက်လျှောက်ရှိတယ် တွေ့ရင်တွေ့တဲ့နေရာမှာတိုက်ပွဲဖြစ်တယ်” ဟု ၎င်းကပြောသည်။
ယခင်က တိုက်ပွဲကြောင့် ကျရှုံးမှုများနေသည့် စစ်ကောင်စီအောင်ဇေယျစစ်ကြောင်းသည် DKBA ဗိုလ်ဘိအဖွဲ့နှင့် BGF တို့၏ပူးပေါင်းမှုလုပ်ဆောင်လာသည့်နောက် အင်အားတောင့်လာသည်ဟု ၎င်းကဆက်ပြောသည်။
အဆိုပါ အင်အားထောင်ချီရှိသည့် စစ်တပ်အဖွဲ့တို့သည် အာရှလမ်းလမ်းပိုင်းတစ်လျှောက်တွင် တိုက်ပွဲဖြစ်သည့်အကြိမ်တိုင်း စစ်ကူအများအပြားဖြင့်တောက်လျှောက်လှုပ်ရှားနေသည်ဟု ဆိုသည်။
“ တိုက်ပွဲဖြစ်တဲ့နေရာတိုင်းကိုစစ်ကူအနေနဲ့လိုက်ပြီး တောက်လျှောက်လှုပ်ရှားတယ်။ အင်အားကတော့အရင်တုန်းကတော့ အဲ့လောက်မရှိဘူး၊အောင်ဇေယျစစ်ကြောင်းဆိုလည်းထောင်ကျော်ပဲရှိတယ်။ အခုက DKBA ဗိုလ်ဘိအဖွဲ့နှင့် BGF တွေလည်းပါတဲ့ထပ်ပေါင်းအင်အားတွေက ထောင်လောက်ရှိတယ် အဲ့တာကြောင့်အင်အားများတယ်” ဟု ပြောသည်။
ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းကိုစစ်ကောင်စီမှ သုံးလအကြာထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ လမ်းပိုင်းတလျှောက်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်ဟု စစ်ကောင်စီ၏ ဇူလိုင်လ ၂၅ ရက်နေ့ထုတ်မြန်မာ့အလင်းသတင်းစာတွင် ထုတ်ပြန်ပြောဆိုထားသည်။
စစ်တပ်မှလမ်းပိုင်းကိုပြန်လည်ထိန်းချုပ်ပြီးနောက် ပျက်စီးသွားသည့်လမ်းပိုင်းနှင့် တံတားများကိုပြန်လည်ပြုပြင်နေပြီး ကျုံဒိုး-ဘားအံလမ်းပိုင်းတွင် မော်တော်ယာဉ်အသေးများကို ဖြတ်သန်းသွားလာခွင့်ပြုနေကြောင်း သိရသည်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့က စစ်ကောင်စီ ဝေါလေဗျူဟာကို လေယာဉ်နဲ့လာပို့သည့် ရိက္ခာထုပ်များကို တော်လှန်ရေးတပ်များမှ သိမ်းဆည်းရရှိခဲ့ပြီး မြေပြင်စစ်ကူပို့မရသည့်စစ်တပ်က ဝေါလေဗျူဟာကုန်းနားကို လေကြောင်းကနေ တိုက်ခိုက်နေကြောင်းလည်း တော်လှန်ရေးသတင်းရင်းမြစ်များမှ သိရသည်။