spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းထိုင်းက မြန်မာရွှေ့ပြောင်းလုပ်သား ၄၀၀၀၀ ကျော်ခေါ်ယူမည်

    ထိုင်းက မြန်မာရွှေ့ပြောင်းလုပ်သား ၄၀၀၀၀ ကျော်ခေါ်ယူမည်

    -

    ထိုင်း-ကမ္ဘောဒီးယားနယ်စပ်အရေးတင်းမာမှုများကြောင့် ထိုင်းနိုင်ငံရှိ ကမ္ဘောဒီးယားရွှေ့ပြောင်းလုပ်သားများ နေရပ်နိုင်ငံသို့ ပြန်သွားကြပြီးနောက် ဖြစ်ပေါ်လာသည့် အလုပ်သမားမလုံလောက်မှုကို ဖြည့်ဆည်းရန်အတွက် မြန်မာနိုင်ငံမှ အလုပ်သမား ၄၂၀၀၀ ဦးခန့်ကို နှစ်လအတွင်း ခေါ်ယူသွားမည်ဟု ထိုင်းအလုပ်သမားဝန်ကြီး ပွန်ကာဝင် ဂျွမ်ရုန်ဂရုန်ကစ်(Pongkawin Juangroongruangkit)က ယနေ့ သြဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

    ထိုင်းအလုပ်သမားဝန်ကြီး ပွန်ကာဝင်က မြန်မာနိုင်ငံမှ ပထမဆုံး အလုပ်သမားအသုတ်ကို ဩဂုတ် ၁၉ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိလာမည်ဟု မျှော်လင့်ထားပြီး၊ နောက်ထပ် အုပ်စုများကိုလည်း ဆက်လက် ခေါ်ယူကာ စုစုပေါင်း ၄၂,၀၀၀ ဦးအထိ ရောက်ရှိရန် ထပ်ကာထပ်ကာ ခေါ်ယူသွားမည်ဖြစ်ကြောင်း ဆိုထားသည်။

    ပုံ- Bangkok Post

    အဆိုပါ မြန်မာရွှေ့ပြောင်းအလုပ်သမားများကို လိုအပ်နေသည့် စက်မှုလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း၊ ခြံလုပ်ငန်းနှင့် စားသောက်ဆိုင် စသည်ဖြင့် အလုပ်အင်အား ပြတ်လပ်နေသော လုပ်ငန်းများတွင် ဖြန့်ချိသွားမည်ဟု သိရသည်။

    ထို့ပြင် ထိုင်းငါးဖမ်းလုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေသည့် ကမ္ဘောဒီးယားလုပ်သား ၅၀၀၀ နီးပါး နေရပ်ပြန်သွားမှုကြောင့် အလုပ်သမားရှားပါးမှုပြဿနာများ ဖြစ်ပေါ်နေပြီး၊ အဆိုပါနေရာတွင် မြန်မာရွှေ့ပြောင်းလုပ်သားများကို ခေါ်ယူရန် ထိုင်းငါးလုပ်ငန်းအသင်းက အစိုးရကို တောင်းဆိုထားသည်။

    ထို့ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမာများအနေနှင့် ကမ္ဘောဒီးယား အလုပ်သမားများနေရာတွင် အစားထိုးဝင်ရောက်နိုင်ရန်အတွက် အဓိကလိုအပ်သည် တရားဝင်မှု စာရွက်စားတမ်းများ စနစ်တကျ ပြင်ဆင်ထားရမည်ဖြစ်ပြီး ထိုင်းစကားနှင့် ထိုင်းစာကို အတတ်နိုင်ဆုံးကြိုးစားသင်ယူသင့်ကြောင်း မြန်မာလုပ်သားအရေးကူညီဆောင်ရွက်နေသူများက တိုက်တွန်းထားသည်။

    တဖက်တွင်လည်း ထိုင်းအစိုးရက သီရိလင်္ကာနိုင်ငံမှလည်း အလုပ်သမားများကို ခေါ်ယူရန် စီစဉ်နေပြီး၊ ပထမအဆင့်အနေဖြင့် ၁၀,၀၀၀ ဦး ခေါ်ယူပြီးနောက် ၃၀,၀၀၀ ဦး အထိ တိုးချဲ့ခေါ်ယူနိုင်ရန် သီရိလင်္ကာနိုင်ငံတာဝန်ရှိသူများနှင့် ဆက်လက် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

    ထို့နောက် ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် နီပေါ စသည့်နိုင်ငံမှ နောက်ထပ်အလုပ်သမား တစ်သိန်းခန့်ကို ဆက်လက်ခေါ်ယူနိုင်ရန် ရွှေ့ပြောင်းအလုပ်သမားမူဝါဒကော်မတီ (ALEM) ကိုလည်း ထူထောင် သွားမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးက ဆိုထားသည်။

    လက်ရှိအခြေအနေအရ နယ်စပ်ပိတ်ဆို့မှုကြောင့် ထိုင်းတွင် ပိတ်မိနေသည့် ကမ္ဘောဒီးယားရွှေ့ပြောင်းအလုပ်သမား ၉၀,၀၀၀ ခန့် အတွက်လည်း ခြောက်လသက်တမ်းတိုး နေထိုင် အလုပ်လုပ်ခွင့်ပြုထားကြောင်း ထိုင်းပြည်ထဲရေးဝန်ကြီးဌာနက ကြေညာထားသည်။

    ထိုင်းနှင့် ကမ္ဘောဒီးယားအကြားက နယ်စပ်အငြင်းပွားမှု ပြဿနာကြောင့် အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက်တွင် လုံခြုံရေး စိုးရိမ်ချက်တွေကြောင့် ကမ္ဘောဒီယားလုပ်သား ၄ သိန်းကျော် ထိုင်းနိုင်ငံမှ ထွက်ခွာခဲ့ကြကြောင်း ထိုင်းသတင်းအရင်းအမြစ်များက ဖော်ပြထားသည်။

    Thai PBS Worldနှင့် Bangkok Postမှ ကောက်နုတ်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks