spot_img
Thursday, March 5, 2026
More
    spot_img
    Homeသတင်းပေါင်လေဘေးသင့်ပြည်သူများ နေအိမ်ဆောက်လုပ်ရန်အခက်အခဲရှိနေဆဲအပြင် စစ်ကောင်စီ၏ ထောက်ပံ့ကြေးကိုလည်း အပြည့်မရရှိ

    ပေါင်လေဘေးသင့်ပြည်သူများ နေအိမ်ဆောက်လုပ်ရန်အခက်အခဲရှိနေဆဲအပြင် စစ်ကောင်စီ၏ ထောက်ပံ့ကြေးကိုလည်း အပြည့်မရရှိ

    -

    မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြီးခဲ့သည့်ဇူလိုင်လကုန်ပိုင်းက တိုက်ခတ်ခဲ့သည့် လေပြင်းနှင့် လေဆင်နှာမောင်းကြောင့် နေအိမ်ပျက်စီးခဲ့ရသည့်လေဘေးသင့်ပြည်သူများ နေအိမ်ပြန်လည် မပြုပြင်နိုင်သေးသည့်အပြင် စစ်ကောင်စီပြည်နယ်အစိုးရအဖွဲ့မှ ပေးအပ်သည့်ထောက်ပံ့ကြေးကိုလည်း အပြည့်မရရှိနေကြောင်း သိရသည်။

    ပြိုကျနေအိမ်များအား ပြန်လည်ပြုပြင်တည်ဆောက်ရန် သာမန်လက်လုပ်လက်စား လေဘေးသင့်ပြည်သူများက ငွေကြေးမတတ်နိုင်သဖြင့် ယာယီတဲထိုးနေထိုင်နေရသည့်အပြင် နီးစပ်ရာဘုန်းကြီးကျောင်းများတွင် ယနေ့အထိ နေထိုင်နေကြရသည်။

    လေဘေးသင့်ပြည်သူများအတွက် စစ်ကောင်စီပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ပြီးခဲ့သည့် သြဂုတ် ၃ ရက်နေ့က ပြိုကျနေအိမ်တစ်လုံးလျှင် ၅ သိန်းကျပ်၊ အမိုးလန်နေအိမ်တစ်လုံးလျှင် ၃ သိန်းကျပ်သတ်မှတ်ကာ ပေးဆောင်ခဲ့သော်လည်း အပြည့်အဝမရရှိကြောင့် ပေါင်မြို့နယ်မှ လေဘေးသင့်ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

    "အစိုးရကပေးတဲ့အလှူငွေက အပြည့်မရဘူး။ ပျက်စီးရင် ၃သိန်းပေးမယ် ပြောတယ်။ အဲတာ ၁သိန်း ၆ သောင်းပဲရတယ်။ ပြိုတဲ့အိမ်က ၅ သိန်း ပေးတာက ၂ သိန်း၂ သောင်း အဲလောက်ရတယ်၊ တခြားလုပ်ငန်းရှင်းအဖွဲ့အစည်းလား ကုမ္ပဏီကလားမသိဘူး လှူကြတာလည်းရှိတယ်၊ အချို့အလှုရှင်တွေကလည်း သူတို့ရဲ့ အသိတွေ အမျိူးတွေရှိတဲ့ရပ်ကွက်တွေမှာ ရွေးလှုကြတာ။ အဲ့ကြောင့်ရပ်ကွက်တစ်ခုနဲ့တစ်ခုကလည်း ရတာမတူဘူး"ဟု သူမကပြောသည်။

    ထို့ကြောင့် အလှူငွေများ ယာယီစားဝတ်နေရေးအတွက်သာ ဖြေရှင်းနိုင်ကြောင်းနှင့် မည်သည့်အတွက်ကြောင့် အပြည့်အဝမရရှိသည်ကို မသိရကြောင်း ဆက်ပြောသည်။

    ပေါင်မြို့နယ်အတွင်း သဘာဝလေဘေးသင့်ပြည်သူများအတွက်  စစ်ကောင်စီအစိုးရအဖွဲ့အပြင်၊ အလှူရှင်များ၊ လူမှုကူညီကယ်ဆယ်ရေးနှင့် မွန်ပြည်သစ်ပါတီမှ အစားအစာ၊အဝတ်အစားနှင့် ငွေကြေးထောက်ပံ့မှုများကို အကူအညီပေးဆောင်နေကြောင်း သိရသည်။

    လက်ရှိတွင် လာရောက်ကူညီထောက်ပံ့သူနည်းပါးသွားပြီး ယာယီတဲအိမ်များတွင် ရက်ရှည်ကြာနေထိုင်နေကြရသည်ဟု ဒေသတွင်းလူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

    “ စဖြစ်တုန်းက ၃ရက် ၄ရက်လောက်က အလှုရှင်တွေ လာလှုကြတယ်။ နည်းနည်းပဲရတယ်ဆိုတော့ နေအိမ်လုံးဝပြိုသွားတဲ့သူတွေအတွက်က ဘယ်လိုမှ အဆင်မပြေဘူး၊ တော်တော်များများကလဲ အခြေခံလူတန်းစားအိမ်တွေပဲပြိုများတယ်လေ အိမ်တွေပြန်ဆောက်ဖို့က အကူညီလိုနေတုန်းပဲ၊ အခုသူတို့က ယာယီတဲအသေးလေးတွေ ဆောက်ပြီးနေနေကြတယ်။ ဆန်၊ အဝတ်အစား၊၊ စားစရာတွေ လှုကြတယ်ပိုက်ဆံကလဲ သူတို့တတ်နိုင်သလောက်တော့ လှုတယ်ပေါ့ ” ဟု ၎င်းက ဆိုသည်။

    စစ်ကောင်စီ မွန်ပြည်နယ်အစိုးရမှ ပြိုကျနေအိမ်တစ်လုံးလျှင် ၂ သိန်းကျပ်၊ အမိုးလန်နေအိမ်တစ်လုံးလျှင် ၁ သိန်းကျပ်၊ ဒဏ်ရာရသူတစ်ဦးလျှင် ၅ သောင်းကျပ်နှင့် လေဘေးသင့်ပြည်သူတစ်ဦးလျှင် ဆန်ရိက္ခာအတွက် ၅၀၀၀ ကျပ်စီဖြင့် လေပြင်းတိုက်ခတ်မှု စတင်ဖြစ်ပွားခဲ့သည့် ဇူလိုင် ၂၄ ရက်နေ့ကလည်း လာရောက်ထောက်ပံ့ခဲ့သေးသည်။

    ဇူလိုင် ၂၂ ရက်နေ့မှစ၍ ၂၇ ရက်နေ့အထိ ၅ ရက်ဆက်တိုက် လေပြင်းနှင့်လေဆင်နှာမောင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ပြီး စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်အဆောက်အအုံ ၅၀၀ ကျော် ပြိုကျပျက်စီး၍ လူ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

    ပေါင်မြို့နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပြီးခဲ့သည့် ဇူလိုင်လအတွင်း နေအိမ်ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်ပွားခဲ့ပြီး လေဘေးသင့်ပြည်သူ ၁၀၀၀ ကျော်ရှိနေသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks