၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အမှတ်စာရင်းများကို တိုကင်စနစ်ဖြင့် တစ်ဦးလျှင် အများဆုံး (၃) စောင်အထိသာ ထုတ်ပေးသွားမည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ထားချက်အရ သိရသည်။
အမှတ်စာရင်းများကို သြဂုတ်လ ၁၃ ရက်နေ့မှ စတင်ပြီး နံနက် ၉ နာရီကျော်အချိန်မှ မွန်းလွှဲပိုင်း ၂ နာရီအထိ လာရောက်ထုတ်ယူနိုင်မည်ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်အတာအနေဖြင့် မထုတ်ပေးနိုင်ဘဲ တိုင်းနှင့် ပြည်နယ်အလိုက် ရက်သတ်မှတ်ပြီး ထုတ်ပေးသွားမည် ဖြစ်သည်။
သြဂုတ် ၁၃ ရက်နေ့မှစတင်ပြီး ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်က တက္ကသိုလ်ဝင်တန်းစာမေးပွဲ အမှတ်စာရင်းများကို ထုတ်ပေးနေပြီး သြဂုတ်လ ၁၄ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တနသာႅရီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးက အမှတ်စာရင်းများကို ထုတ်ယူပေးနေသည်။
အမှတ်စာရင်းထုတ်ယူရာတွင် တိုကင်စနစ်ဖြင့် ထုတ်ပေးနေသည့်အပြင် တစ်ဦးလျှင် အများဆုံး ၃ စောင်၊ တစ်ရက်ကို တိုကင်ပေါင်း ၅၀ သာ ထုတ်ပေးနေသည့်အတွက် အခက်အခဲဖြစ်နေသည်ဟု အမှတ်စာရင်း သွားရောက်ထုတ်ယူနေသည့် မွန်ပြည်နယ်မှ ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

“ကျောင်းသားတွေကိုယ်စား အမှတ်စာရင်း သွားထုတ်ပေးနေတာ၊ အမှတ်စာရင်းထုတ်တဲ့နေရာမှာ တစ်ယောက်ကို ၃ စောင်ပဲ ထုတ်ပေးတယ်။ အဲဒါက တစ်နေ့လုံး တန်းစီမှနော်၊ တစ်နေကုန် တန်းစီထားမှ အဲ ၃ စောင်ရတာ။ သွားထုတ်တဲ့ လူဦးရေကလည်း အယောက် ၅၀ ပဲ၊ အဲလိုကန့်သတ်ထားတာ။ နယ်ကနေ လာတဲ့လူတွေဆို ပိုခက်ခဲဖြစ်တာပေါ့။ တိုကင်ပြည့်သွားရင် ပြန်မမှီတော့ဘူးလေ။ တစ်ညအိပ်ရတယ်။ လမ်းစရိတ်နဲ့ စားစရိတ်နဲ့ တန်းစီရတာနဲ့ အဆင်မပြေနေဘူး” ဟု အထက်ပါ ပညာရေးဝန်ထမ်းက ပြောသည်။
အမှတ်စာရင်း ထုတ်ယူရာတွင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ နေပြည်တော်ရုံးချုပ်တွင် ကောင်တာ ၄ ခု၊ ရန်ကုန်ရုံးခွဲတွင် ကောင်တာ ၁၀ ခုဖြင့် ဖွင့်လှစ်ပေးထားပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ကောင်တာများကို သတ်မှတ်ပေးထားသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်နေ့က တက္ကသိုလ်ဝင်တန်းစာမေးပွဲအမှတ်စာရင်းများကို အွန်လိုင်းစနစ်ဖြင့် ထုတ်ပေးခဲ့သော်လည်း ဆာဗာချို့ယွင်းမှုကြောင့် အမှတ်စာရင်းမှားယွင်းမှု ဖြစ်ပေါ်ခဲ့သည့်အတွက် အမှတ်စာရင်းထုတ်ပေးမှု လုပ်ငန်းကို ခေတ္တရပ်ဆိုင်းခဲ့ရသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ပြီးခဲ့သည့် မတ်လ ၁၇ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပခဲ့ပြီး အင်အားပြင်းမန္တလေးငလျင်ကြောင့် တိုင်းနှင့်ပြည်နယ်အချို့၏ စာမေးပွဲအဖြေလွှာ များ ပျက်စီးဆုံးရှုံးခဲ့သည့်အတွက် ဇွန်လ ၁၆ ရက်နေ့မှ ၂၁ ရက်နေ့အထိကို ကျောင်းသား၊သူများက ပြန်လည်ဖြေဆိုခဲ့ကြရသည်။
ထိုကြောင့် ကျန်ရှိနေသည့် တိုင်းဒေသကြီးများ၏ အမှတ်စာရင်းထုတ်ပေးမည့်ရက်ကို ဆက်လက်ကြေညာသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံစာစီဦးစီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
