ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး၊ ၆ ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်သည်။
ဩဂုတ်လ ၅ ရက်နေ့မှ ၁၀ ရက်နေ့အထိ မုန်းမြို့နယ်အတွင်းရှိ ကျေးရွာများထဲကို စစ်ကောင်စီတပ်က လက်နက်ကြီး ၅၅ လုံး၊ ဒရုန်းဖြင့် ၃ လုံး ပစ်ခတ်ခဲ့ကြောင်း KNU က ဆိုသည်။
စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးများသည့် ကျေးရွာများထဲ ကျရောက်ပေါက်ကွဲပြီး အရပ်သား ၁ ဦးသေဆုံးကာ၊ ၆ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ် ၃ လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့သည်။
အလားတူ ဆောထိမြို့နယ်တွင်လည်း ဇူလိုင်လ ၂၈ ရက်နေ့မှ ဩဂုတ်လ ၅ ရက်နေ့အထိ စစ်ကောင်စီတပ်မှ ပြည်သူလူထုများအား ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး စုစုပေါင်း ၁၉ လုံးခန့် ပစ်ခတ်ခဲ့သည်။
စစ်ကောင်စီတပ် အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းကြောင့် ညောင်လေးပင်ခရိုင်အတွင်းရှိ အရပ်သားပြည်သူများ နေ့စဉ်နှင့်အမျှ စိုးရိမ် ထိတ်လန့်မှုများဖြင့် အသက်ရှင်နေထိုင်နေကြရပြီး လုပ်ကိုင်စားသောက်ရန်အတွက် အခက်အခဲများ ကြုံတွေ့လျှက်ရှိသည်ဟု KNU ဗဟိုက ထုတ်ပြန်သည်။







