spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းအဘစ်စစ်ဆေးရေးဂိတ်တွင် စစ်အင်အားဖြည့်တင်းပြီးနောက် စစ်ဆေးမှုများ ပိုမိုတင်းကြပ်လာ

    အဘစ်စစ်ဆေးရေးဂိတ်တွင် စစ်အင်အားဖြည့်တင်းပြီးနောက် စစ်ဆေးမှုများ ပိုမိုတင်းကြပ်လာ

    -

    မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အစပ်ဖြစ်သည့် အဘစ်-ခလယ်တံခွန်တိုင်လမ်းပိုင်းရှိ အဘစ်စစ်ဆေးရေးဂိတ်တွင် စစ်ကော်မရှင်မှ စစ်အင်အားဖြည့်တင်းပြီး ခရီးသွားပြည်သူများအပေါ် စစ်ဆေးမေးမြန်းမှုများ ပိုမို တင်းကြပ်လာသည်ဟု ခရီးသွားသူများနှင့် ဒေသခံတို့ထံမှ သိရသည်။

    “အဘစ်စစ်ဆေးရေးဂိတ်မှာ အခုက စစ်သားတွေ အများအပြား ချထားတယ်။ ခရီးသွားလာနေတဲ့ ကားတွေကို အကုန်စစ်ဆေးတယ်။ ယောကျာ်းလေးတွေအနေနဲ့ ဖြစ်နိုင်ရင် မသွားလာကြနဲ့တော့။ တော်တော်စစ်တယ်။ အဲနားရောက်ရင် ကားပေါ်က ဆင်းခိုင်းပြီး လမ်းလျှောက်ရတယ်။ ညနေပိုင်း အချိန်မတော် သွားလာနေတဲ့ကားတွေကိုလည်း အကုန်ဖမ်းပလိုက်တယ်။ မနေ့က မုဒုံဘက်ကို တက်တဲ့ ကားတစ်စီး ညနေမိုးချုပ်သွားလို့ ကားထဲမှာပါတဲ့ ယော်ကျာ်လေးတွေ အကုန်လုံးကို ဖမ်းသွားတယ်။ ညောင်ကုန်းကလူတွေလည်း ပါသွားတယ်။ မိသားစုတွေက ငွေပေးပြီး လွှတ်ပေးဖို့ သွားပြောကြပေမဲ့ ပြန်မလွှတ်ပေးခဲ့ဘူး” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

    အဘစ်စစ်ဆေးရေးဂိတ်သည် မုဒုံ-ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူ ဆက်သွယ်ရေးလမ်းပိုင်းတွင် တည်ရှိပြီး ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်သူများ အဓိက သွားလာအသုံးပြုနေသည့် လမ်းကြောင်းတစ်ခုလည်း ဖြစ်သည်။

    အဆိုပါလမ်းပိုင်းတွင် ယခင်က တစ်ရက်ကို အနည်းဆုံး ကားအစီးရေ ရာနှင့်ချီ ဖြတ်သန်းသွားလာနေကြသော်လည်း ယခုတွင် ခရီးသည်တင်ယာဉ်များ ပြေးဆွဲသွားလာမှု လုံးဝမရှိသည့်အနေအထား ဖြစ်လာသည်ဟု ဆက်သွယ်ရေးလမ်းပိုင်းအနီးရှိ ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

    “အဲဒီလမ်းပိုင်းက မပိတ်ဘူး။ ဒါပေမဲ့ ခရီးသည်ကားတွေက လုံးဝကို မသွားလာရဲကြတော့ဘူးလေ။ ကုန်တင်ကား တစ်စီး၊ နှစ်စီးလောက်ပဲ သွားလာနေကြတော့တယ်။ အဲဂိတ်ကို သူတို့(စစ်တပ်) ဖြတ်သန်းခွင့် ပိတ်လိုက်တာ မဟုတ်ဘူး။ စစ်ဆေးမှုကို တအားတင်းကြပ်လာတာ။ အရင်က အဲဂိတ်ကိုရောက်ရင် ကားဆရာတွေက နည်းနည်းပါးပါး ရှင်းပြပြောလိုက်ရင် သွားလို့ ရပြီ။ အခုက ကားပေါ်မှာ ဘယ်သူပါပါ၊ ဘယ်ဒေသခံပါပါ၊ မှတ်ပုံတင်တွေ၊ မေးမြန်းတာတွေ အကုန်လုပ်တယ်။ ဘယ်လောက်ထိလဲဆိုတော့ ကားမောင်းတဲ့ ကားဆရာတွေကိုတောင် စစ်ဆေးမေးမြန်းလာတယ်” ဟု ဟု အထက်ပါ ဒေသခံက ပြောသည်။

    စစ်ကော်မရှင်က တော်လှန်ရေးအားကောင်းသည့် ကော့ကရိတ်မြို့နယ်အပါအဝင် ကြာအင်းဆိပ်ကြီးမြို့ နယ်ကိုလည်း စစ်အုပ်ချုပ်ရေးမြို့နယ်အဖြစ် ဇူလိုင်လ ၃၁ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

    အဆိုပါကြေညာချက် ထုတ်ပြန်ပြီးနောက် ကြာအင်းဆိပ်ကြီးမြို့နယ် တောင်ကလေးကျေးရွာတွင် အခြေစိုက်သည့် စစ်ကော်မရှင်တပ်ရင်းမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည့်အပြင် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်လည်း စစ်အင်အား ပိုမိုဖြည့်တင်းလာသည်ကို တွေ့ရှိရသည်ဟု ကြာအင်းဆိပ်ကြီးဒေသခံတစ်ဦးက ပြောသည်။

    “အဘစ်မှာက ထိုင်းတက်သူများလို့ အခုလိုမျိုး တင်းကြပ်လာတာတော့ မထင်ဘူး။ ယခင်ကလည်း စစ်ဆေးပါတယ်။ ဒါပေမဲ့ အခုလိုပုံစံတော့ မဖြစ်ဘူး။ ပြီးတော့ ကြာအင်းဆိပ်ကြီးကို သူတို့(စစ်တပ်) က စစ်အုပ်ချုပ်ရေးကြေညာပြီးတော့ ၃ ရက်အလွန်မှာ တောင်ကလေးအခြေစိုက် တပ်ရင်းကနေ ကြာအင်းဆိပ်ကြီးဘက်က ကျေးရွာရော်ဘာခြံတွေမှာ လက်နက်ကြီးတွေနဲ့ လှမ်းပစ်ခတ်လာနေတာ ရှိတယ်။ တခြားစစ်ဆေးရေးဂိတ်နေရာတွေမှာလည်း စစ်အင်အားတွေ ပိုများလာတာ တွေ့ရတယ်” ဟု ပြောသည်။

    မုဒုံ-ကြာအင်းဆိပ်ကြီးလမ်းပိုင်းရှိ အဘစ်စစ်ရေးဂိတ်ကို ဒေသတွင်းအခြေစိုက် တော်လှန်ရေးပူးပေါင်းတပ်တို့က လက်နက်ကြီး၊ ဒရုန်းများဖြင့် လာရောက်တိုက်ခိုက်သည့်နောက် စစ်ဆေးမှုများ ခဏတစ်ဖြုတ် လုပ်ဆောင်လေ့ရှိသော်လည်း ယခုစစ်ဆေးမေးမြန်းမှုသည် အရင်ကထက် ပိုမိုဆိုးရွားလာသည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks