spot_img
Thursday, March 5, 2026
More
    spot_img
    Homeသတင်းတံတားပိတ်ချိန် တိုးလိုက်သည့်အတွက် မော်လမြိုင်မြို့တွင် လာရောက်အလုပ်လုပ်ကိုင်နေကြသူများ အခက်တွေ့

    တံတားပိတ်ချိန် တိုးလိုက်သည့်အတွက် မော်လမြိုင်မြို့တွင် လာရောက်အလုပ်လုပ်ကိုင်နေကြသူများ အခက်တွေ့

    -

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် ဆက်စပ်နေသည့် တံတားများ ပိတ်ချိန်တိုးလိုက်သည့်အတွက်ကြောင့် မော်လမြိုင်မြို့တွင် လာရောက်အလုပ်လုပ်ကိုင်နေကြသူများ အခက်တွေ့နေရကြောင်း ၎င်းတို့၏ ပြောကြားချက်များအရ သိရသည်။  

    မော်လမြိုင်မြို့နယ်နှင့် ချောင်းဆုံမြို့နယ်ကို ဆက်သွယ်ထားသည့် သံလွင်တံတား (ချောင်းဆုံ) ကို ယနေ့ ဩဂုတ်လ ၁၃ ရက်နေ့မှစတင်ကာ ည ၈ နာရီမှ နံနက် ၆ နာရီအထိ ဖြတ်သန်းသွားလာခွင့် ပိတ်သည်ဟု ချောင်းဆုံမြို့နယ် ထွေ/အုပ် ရုံးနှင့် နီးစပ်သူများထံမှ သိရသည်။  

    အလားတူ ရန်ကုန် – သထုံ – မော်လမြိုင် – ရေး – ထားဝယ် – မြိတ် – ကော့သောင်းပြည်ထောင်စုလမ်းမပေါ်ရှိ သံလွင်တံတား (မော်လမြိုင်) နှင့် ဘားအံ – မော်လမြိုင်ကားလမ်းမပေါ်ရှိ ဇာသပြင်တံတား၊ အတ္ထရံတံတား ဖြတ်သန်းသွားလာခွင့်ကိုလည်း ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်နေ့ကစပြီး ည ၈ နာရီမှ နံနက် ၆ နာရီထိ စစ်ကောင်စီက ပိတ်ချိန်တိုးမြှင့်လိုက်သည်။  

    ထိုအခြေအနေများကြောင့် ပေါင်မြို့နယ် မုတ္တမမြို့၊ မော်လမြိုင်မြို့နယ် စက်မှုဇုန်ရပ်ကွက်၊ ညောင်ပင်ဆိပ်ရပ်ကွက်များနှင့်အတူ ချောင်းဆုံမြို့နယ်အတွင်းမှ မော်လမြိုင်မြို့သို့ လာရောက် အလုပ်လုပ်ကိုင်နေကြရသူများ သွားရေးလာရေး အခက်အခဲများဖြစ်ပေါ်နေကြကြောင်း ၎င်းတို့၏ ပြောကြားချက်များအရ သိရသည်။  

    တံတားပိတ်ချိန် ပြောင်းလဲသတ်မှတ်လိုက်သည့်အတွက် ညပိုင်းအချိန်ထိ အလုပ်လုပ်နေကြရသူများ အလုပ်ချိန်ပြောင်းလဲလိုက်ရသည်ဟု မုတ္တမမြို့နေ့ ဆေးဆိုင်ဝန်ထမ်းတစ်ဦးက ပြောသည်။  

    “အိမ်ကိုပြန်ရတဲ့အချိန်ပြောင်းလိုက်ရတော့ အလုပ်ထဲမှာလည်း တာဝန်ချိန်တွေ ပြန်ညှိရတာမျိုး ရှိပါတယ်။ ကိုယ့်လိုဘဲ တခြား ဆေးရုံဝန်ထမ်းတွေ၊ ဟိုတယ်မှာ အလုပ်လုပ်နေကြသူတွေ၊ အခြား အလုပ်လုပ်ကိုင်နေကြသူတွေ တံတားမပိတ်မီ ပြန်ကြရတာမျိုးရှိပါတယ်” ဟု ၎င်းက ဆက်ပြောသည်။  

    အလားတူ မော်လမြိုင်မြို့ စက်မှုဇုန်ရပ်ကွက်နှင့် ညောင်ပင်ဆိပ်ရပ်ကွက်အတွင်း နေထိုင်ကြသူများအနေဖြင့် သွားရေးလာရေး အခက်အခဲများ ကြုံတွေ့နေကြရကြောင်းလည်း ၎င်းတို့၏ ပြောကြားချက်များအရ သိရသည်။  

    “ကျနော့် ကလေးတွေက မော်လမြိုင်မြို့မှ ကျူရှင်နေကြတယ်။ အရင်ကတော့ ည (၈) နာရီကျုရှင်ကြိုပြီး အိမ်ပြန်ပေါ့။ အခုက အတ္ထရံတံတားကို ည (၈) နာရီပိတ်တော့ ကလေးတွေရဲ့ ကျူရှင်ချိန်တွေကိုလည်း ပြောင်းလိုက်ရတာမျိုးရှိတယ်။ ဥပမာ ကျောင်းဆင်းတာနဲ့ ကျူရှင်တန်းသွားရတော့ ကလေးတွေလည်း ပိုပင်ပန်းကြတယ်” ဟု စက်မှုဇုန်ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။  

    တံတားပိတ်ချိန် ပြောင်းလဲလိုက်သည့်အတွက် မော်လမြိုင်မြို့တွင် အလုပ်လုပ်ကိုင်နေကြသူများ၊ ကုန်စိမ်းဈေးသည်များ အခက်အခဲများကြုံတွေ့နေကြသည်။

    မော်လမြိုင်မြို့နှင့် ဆက်စပ်နေသည့် တံတားကြီးများ၏ လုံခြုံရေးကို အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးမှ တိုက်ရိုက်စီမံကွပ်ကဲကြောင်း စစ်တပ်အသိုင်းအဝိုင်းထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks