spot_img
Thursday, March 5, 2026
More
    spot_img
    Homeသတင်းပုပ္ဖဟံသာပညာရေးဖောင်ဒေးရှင်းမှ လူငယ်များအတွက် အခမဲ့ပညာဒါနသင်တန်းထပ်မံဖွင့်လှစ်

    ပုပ္ဖဟံသာပညာရေးဖောင်ဒေးရှင်းမှ လူငယ်များအတွက် အခမဲ့ပညာဒါနသင်တန်းထပ်မံဖွင့်လှစ်

    -

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်းရှိ Grade 12 အောင်မြင်ပြီး ကျောင်းသား၊ ကျောင်းသူများအပါအဝင် ပညာရေးကိုစိတ်ဝင်စားသည့်လူငယ်များ ကြားကာလအချိန်တွင် ပညာသင်ယူလေ့လာနိုင်စေရန် အခမဲ့ပညာဒါနသင်တန်းကို ပုပ္ဖဟံသာပညာရေးဖောင်ဒေးရှင်းမှ လာမည့် ဩဂုတ် ၂၅ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားချက်အရ သိရသည်။

    သင်တန်းကို သံဖြူဇရပ်မြို့မွန်ဓမ္မာရုံ(သို့) ဂိတ်ကျောင်းတွင် ဖွင့်လှစ်သင်ကြားသွားရန်ရှိပြီး IT အခြေခံ (PC Knowledge၊ Microsoft Office၊ Graphic Design)၊ မွန်စာပေ (အရေး၊ အဖတ်၊ အပြော)၊ အခြေခံအင်္ဂလိပ်ဘာသာ 4 skills နှင့် အခြေခံကွန်ပျူတာဘာသာရပ်များကို သင်ကြားသွားမည်ဖြစ်သည်။

    “ဒီ program က အောင်စာရင်းထွက်ပြီးတဲ့ အချိန်တွေမှာ ဖွင့်ဖြစ်တယ်။ အောင်တဲ့ ကျောင်းသားကျောင်းသူတွေအတွက်ပဲ မဟုတ်ဘူး။ မအောင်တဲ့သူတွေ၊ လမ်းပျောက်နေတဲ့ လူငယ်တွေလည်း အကုန်တက်လို့ရတယ်။ ဒါမဲ့ အနည်းဆုံး ၈ တန်းလောက်ပြီးနေရမှာပေါ့။ ကျောင်းအတွက်လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ ကွန်ပျူတာတွေ mouse တွေအကုန်ပြင်ဆင်ထားပေးမယ်။ ဘာမှ ယူလာစရာမလို့ဘူး။ ဒါပေမဲ့ တစ်ခုပဲ ဒီနှစ်မှာ အင်္ဂလိပ်စာအုပ်နဲ့ မွန်စာအုပ်ကို ပေးဝယ်ခိုင်းတယ်။ ကျန်တာဘာစရိတ်မှ ပေးစရာမလိုပဲ အခမဲ့သင်ပေးတယ်” ဟု ဖောင်ဒေးရှင်းမှ အထွေအထွေအတွင်းရေးမှုး နိုင်အောင်ချမ်း ပြောသည်။

    သင်တန်းလျှောက်လွှာများကို လာမည့် ဩဂုတ် ၁၅ ရက်နေ့ နံနက် ၉ နာရီမှစ၍ သံဖြူဇရပ်မြို့၊ ကြံ့ခိုင်ရေးရပ်ကွက် အောင်ဆန်းလမ်းရှိ ရာမညနိကာယ သီရိမင်္ဂလာပရိယတ္တိစာသင်တိုက် (ဂိတ်ကျောင်း)၌ စတင်ထုတ်ယူနိုင်သည်ဟုလည်း ဆိုသည်။

    သင်တန်းသားဦးရေကို ၂၅ ဦးမှ ၂၈ ဦးကြားအထိသာ အများဆုံးကန့်သတ်ထားမည်ဖြစ်ပြီး၊ သင်တန်းကာလ ၂ လကြာမည်ဖြစ်ကြောင်း ဆိုသည်။

    ယခုနှစ်အထိ ရပ်ဝေးမှလာရောက်တက်ရောက်သူများအတွက် နေထိုင်စရာနေရာများ အထူးတလည် ပြင်ဆင်ဆောင်ရွက်ထားခြင်းမရှိသေးသော်လည်း လာမည့်နှစ်များတွင် အသုံးပြုနိုင်ရန် နေထိုင်စရာအဆောက်အဦးများနှင့် စာသင်ခန်းများကို ပြင်ဆင်ဆောက်လုပ်ထားကြောင်း သိရသည်။

    “ အများသုံးတဲ့ မွန်ဓမ္မာရုံးမှာပဲ သင်နေရတယ်၊ အများသုံးဆိုတော့ မကောင်းဘူးလေ။ ပြီးတော့ ရပ်ဝေးတဲ့သူတွေ တက်မရဘူးလို့ ကန့်သတ်ထားတာမရှိဘူး။ ဒါပေမဲ့ အခုကကျွန်တော်တို့အနေနဲ့ ရပ်ဝေးတဲ့သူတွေအတွက် နေထိုင်စရာတွေပေးဖို့မရှိသေးဘူး၊ အဆောင်တွေ ကျောင်းတွေ ဆောက်နေဆဲမလို့ ကိုယ့်အမျိုးအိမ်တွေဘာတွေရှိရင် လာနေပြီးတက်လို့ရတယ်။ ဒီအဆောင်တွေ ကျောင်းတွေ အကုန်ဆောက်ပြီးရင် ပိုအဆင်ပြေသွားမယ်”ဟု နိုင်အောင်ချမ်းက ဆက်ဆိုသည်။

    ယနေ့ခေတ်လူငယ်များ ပြည်ပထွက်ခွာရန် လိုအပ်သည့်ဘာသာစကားသင်တန်းများဖြစ်သည့် ဂျပန်၊ ကိုရီးယား၊အင်္ဂလိပ် ဘာသာစကားသင်တန်းများ၊ အခြား Learning Centre များ ပိုများလာနေသဖြင့် ဒေသတွင်းဖွင့်လှစ်ထားသည့် သင်တန်းများတွင် စိတ်ဝင်စားသည့် လူငယ်များ နည်းပါးသွားကြောင်းလည်း အထက်ပါတာဝန်ရှိသူက ဆိုသည်။

     အခမဲ့ပညာဒါနသင်တန်းကို ပုပ္ဖဟံသာပညာရေးဖောင်ဒေးရှင်းမှ ၁၂ ကြိမ်မြောက်အထိ ဖွင့်လှစ်နိုင်ခဲ့ပြီး၊ နွေရာသီမွန်စာသင်တန်းကျောင်းကိုလည်း ၄ ကြိမ်အထိ ဖွင့်လှစ်နိုင်ခဲ့သည်ဟု သိရသည်။

    ပုပ္ဖဟံသာပညာရေးဖောင်ဒေးရှင်းသည် ပရိယတ္တိပညာရေးကို ထောက်ပံ့ရန်၊ တက္ကသိုလ်ပညာရေးကို ထောက်ပံ့ရန်၊ မွန်အမျိုးသားပညာရေးကို ထောက်ပံ့ရန်နှင့် သဘာဝဘေးအန္တရာယ်ကြောင့် ဒုက္ခကျရောက်နေသူများကို ကူညီထောက်ပံ့ရန် ရည်ရွယ်၍ ၂၀၂၁ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks