spot_img
Monday, October 13, 2025
More
    spot_img
    Homeသတင်းပင်လယ်ပြင်ထွက်မည့် စက်လှေ၊ ရေလုပ်သားစာရင်းများ တင်ပြရမည်ဟု စစ်ကောင်စီက လုပ်ငန်းရှင်များကို ခေါ်ယူအသိပေး

    ပင်လယ်ပြင်ထွက်မည့် စက်လှေ၊ ရေလုပ်သားစာရင်းများ တင်ပြရမည်ဟု စစ်ကောင်စီက လုပ်ငန်းရှင်များကို ခေါ်ယူအသိပေး

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်မှ ပင်လယ်ပြင်သို့ထွက်မည့် စက်လှေများနှင့် ရေယာဉ်လုပ်သားစာရင်းများကို တိကျမှန်ကန်စွာတင်ပြရန် စစ်ကောင်စီမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ ပင်လယ်ငါးဖမ်းလုပ်ငန်းရှင်များကို ခေါ်ယူတွေ့ဆုံကာ ညွှန်ကြားထားသည်ဟု သိရသည်။

    လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့သည့် ကျားဖောင်ဗီဒီယိုဖိုင်ကိစ္စများ ထပ်မံမဖြစ်ပွားစေရန်ဟုဆိုကာ စစ်ကောင်စီ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ ပင်လယ်ငါးဖမ်းလုပ်ငန်းရှင်များကို ပြီးခဲ့သည့် သြဂုတ်လပထမအပတ်က ခေါ်ယူတွေ့ဆုံခဲ့သည်။

    ပင်လယ်ပြင်မထွက်မီ စက်လှေ၊ ရေယာဉ်လုပ်သားစာရင်းများတင်ပြရန်အပြင် မြေပြင်အထိ ရေလုပ်သားများ၏ မှတ်ပုံတင်၊ ရေလုပ်သားကတ်၊ ကျေးရွာအုပ်ချုပ်ရေး ထောက်ခံစာများကို ယခုသြဂုတ်လအတွင်း တင်းကြပ်စစ်ဆေးသွားမည်ဖြစ်ကြောင်း ရေးမြို့နယ်အုပ်ချုပ်ရေးမှုးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

     ဓာတ်ပုံ- ရေလုပ်ငန်း လူမှုကွန်ရက်စာမျက်နှာတစ်ခုမှ ရိုက်ကူးထားသည့်ပုံ 

    “  ဖောင်သမားတွေကိုပဲ သူတို့က ပိုအဓိကထားတယ်။ အရင်ကဆို တစ်ခါမှ မစစ်ဘူး၊ သူတို့ကို ပိုက်ဆံပေးရင် သွားရပြီး။ အခုက ဟိုဖောင်ကိစ္စပေါက်ကြားသွားလို့ သူတို့ စစ်ဆေးတာလုပ်မယ်လို့ပြောတာ။ ဒီတော်တလင်းလအတွင်းမှာ ဖောင်တွေထွက်ရင် သူတို့လုပ်မယ်ပေါ့” ဟု သူက ပြောသည်။

    ထို့အပြင်  ကမ်းခြေသို့ပြည်လည်ဝင်ရောက်မည့်ရေယာဉ်များနှင့် လုပ်သားများကိုလည်း ထပ်မံစစ်ဆေးသွာမည်ဖြစ်ပြီး စာရင်းကိုက်ညီမှုမရှိပါက လှေပိုင်ရှင်ရှင်သူဌေးနှင့် ဖောင်ဦးစီတို့ကို အရေးယူဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။

    ရေးမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့တို့က ပြီးခဲ့သည့်ဇူလိုင်လအတွင်း ကျားဖောင်ဗီဒီယိုဖိုင်ကိစ္စကြောင့် ရေလုပ်ငန်းအတွက် လူပွဲစားလုပ်နေသူတစ်ဦးကို ဖမ်းဆီးခဲ့သော်လည်း လက်ရှိတွင်အဆိုပါကိစ္စကို ဆက်လက်အရေးယူခြင်းမရှိတော့သည့်အပြင် ပွဲစားများလည်း ပုံမှန်အတိုင်းလည်ပတ်နေကြောင်း ဇီးဖြူသောင်မှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

    “သူတို့တွေ တကယ်အရေးယူပေးမယ်ဆိုရင် အလုပ်သမားတွေအတွက်တော့ ကောင်းပေါ့။ ဒါပေမဲ့ အခုတွေ့နေရတာကတော့ လူပွဲစားတွေကို မဖမ်းဘူး၊ နားလည်မှုတွေနဲ့ပဲ လည်ပတ်နေတာ အရေးယူတာမျိုးတွေလည်းမတွေ့ရဘူး” ဟု ထိုသူက ဆက်ဆိုသည်။

    ပြီးခဲ့သည့် ဇူလိုင်လတွင် ဇီးဖြူသောင်မှ ပင်လယ်ငါးဖမ်းကျားဖောင်တစ်စင်းအတွင်း အသက်ကြီးပိုင်းအမျိုးသားတစ်ဦး နှိပ်စက်မှုခံနေရသည့် ဗီဒီယိုဖိုင်ကြောင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက ရေးမြို့နယ်အတွင်းရှိ ကျားဖောင်လုပ်ငန်းရှင်များနှင့် ပွဲစားများကို ခေါ်ယူသတိပေးခြင်းသာလုပ်ဆောင်ခဲ့ပြီး ထိထိရောက်ရောက်အရေးယူခြင်းများမရှိပေ။

    ရေးမြို့နယ်အတွင်းရှိ ပင်လယ်ထွက်ငါးဖမ်းလုပ်ကိုင်သူအများစုသည် ရန်ကုန်၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်းဒေသကြီးမှ ရွှေ့ပြောင်းအလုပ်သမားများဖြစ်ပြီး၊ ပွဲများမှတစ်ဆင့် အစင်း၊ဇီးဖြူသောင်၊ ဓမင်းဆိပ်ကျေးရွာရှိ ပင်လယ်ငါဖမ်းလုပ်ငန်းတို့တွင် လုပ်ကိုင်လျက်ရှိသည်။

    ကျားဖောင်လုပ်ငန်းသည် အလုပ်သမားရရှိရန်မလွယ်ကူခြင်းကြောင့် လုပ်ငန်းရှင်များက လူပွဲစားများကို အားကိုနေရပြီး ပွဲစားများအနေဖြင့်လည်း လိမ်လည်ပြောဆိုပြီး စည်းရုံးသိမ်းသွင်းနေမှုများရှိကြောင်း မြေပြင်သတင်းများအရသိရသည်။

    ထို့အပြင် အလုပ်သမားများမှ လုပ်အားခခေါင်းပုံဖြတ်ခံရခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်း၊ လူကုန်ကူခံရခြင်း၊ ညှင်းပန်းနှိပ်စက်၍ စေခိုင်ခြင်းများကြောင့် လူသေဆုံးမှုများလည်းမကြာခဏဖြစ်ပွားနေသည်။

    နှစ်ပေါင်းများစွာ ဖြစ်ပွားနေသည့် ပင်လယ်ငါးဖမ်းလုပ်ငန်းအတွင်း လူအခွင့်အရေးချိုးဖောက်မှုများကို အရေးယူနိုင်ရန် ယခင်အရပ်သားအစိုးရလက်ထက်အတွင်း လွှတ်တော်ကိုယ်စားလှယ်များက မြန်မာနိုင်ငံ၏ ပင်လယ်ငါးဖမ်းလုပ်ငန်းဆိုင်ရာ ဥပဒေပြင်ဆင်ရေးအတွက် ကြိုးပမ်းခဲ့သော်လည်း ယနေ့အထိ အကောင်အထည်မဖော်နိုင်ခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    37,400SubscribersSubscribe
    spot_img

    Latest posts