spot_img
Wednesday, August 6, 2025
More
    spot_img
    Homeသတင်းစစ်အုပ်ချူပ်ရေး ကြေညာခြင်းခံထားရသည့် မြို့နယ်များတွင် ဘာတွေဆက်ဖြစ်နေလဲ

    စစ်အုပ်ချူပ်ရေး ကြေညာခြင်းခံထားရသည့် မြို့နယ်များတွင် ဘာတွေဆက်ဖြစ်နေလဲ

    -

    စစ်ကော်မရှင်က နိုင်ငံ့တဝန်းရှိ မြို့နယ်ပေါင်း ၆၃ မြို့နယ်ကို စစ်အုပ်ချူပ်ရေးနယ်မြေအဖြစ် ကြေညာပြီး စစ်အာဏာကျင့်သုံးခွင့်ပြုကြောင်း ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

    စစ်အုပ်ချူပ်ရေးကြေညာခံထားရသည့် မြို့နယ်များတွင် ကချင်ပြည်နယ် ၅ မြို့နယ်၊ ကယားပြည်နယ် ၃ မြို့နယ်၊ ကရင်ပြည်နယ် ၂ မြို့နယ်၊ ချင်းပြည်နယ် ၇ မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး ၉ မြို့နယ်၊ မကွေးတိုင်း ဒေသကြီး ၅ မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး ၃ မြို့နယ်၊ ရခိုင်ပြည်နယ် ၁၄ မြို့နယ်၊ ရှမ်းပြည်နယ် ၁၅ မြို့နယ်တို့ ပါဝင်သည်။

    ထိုမြို့နယ်များကို ရက်ပေါင်း ၉၀ အတွင်း လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းမှုများ ချုပ်ငြိမ်းစေရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းစေရေး၊ တရားဥပဒေစိုးမိုးရေးများကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဟု စစ်ကော်မရှင်၏ ထုတ်ပြန်ချက်၌ အတိအလင်း ဖော်ပြထားသည်။

    လက်ရှိတွင် စစ်ကော်မရှင်မှ စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့နယ်များကို စစ်အင်အားဖြည့်တင်းနေပြီး အကြမ်းဖက်သောင်းကျန်းသူအဖြစ် စွပ်စွဲထားသည့် တော်လှန်ရေးတပ်ဖွဲ့များကို ကုန်ကြောင်းအပြင် လေကြောင်း၊ ရေကြောင်းဖြင့် တိုက်ခိုက်ချေမှုန်းရန် ပြင်ဆင်လာခဲ့သည်။

    အထူးသဖြင့် ကော့ကရိတ်မြို့နယ်ကို စစ်ကော်မရှင်တပ်ဘက်က စစ်အင်အားဖြည့် တင်းနေသလို လက်နက်ကြီးများလည်း ယခင်ကထက် ပိုမိုပစ်ခတ်လာသည်ဟု ဒေသခံတို့က ပြောသည်။

    “ကော့ကရိတ်-ကျူံဒိုးလမ်းပိုင်းကြားက ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပိုပြီးတော့ လှမ်းထုလာတယ်။ ရေပူတို့၊ အုန်းတပင်တို့၊ အင်းကြီးတို့ အဲဘက်တွေကိုပေါ့။ ကော့ကရိတ်မြို့အနီးက စကခ-၁၂ ကရော၊ ကျူံဒိုးက ခမရ-၅၄၅၊ ခမရ-၅၄၆ တပ်ရင်းကနေရော လှမ်းပစ်လာနေတယ်။ တော်လှန်ရေးတွေဘက်ကတော့ နယ်စပ်စခန်းတော်တော်များများကို သိမ်းထားကြတယ်လေ။ အဲဒါကို ပြန်ရဖို့ လုပ်လာနိုင်တယ်။ ကော့ကရိတ်-ကျူံဒိုးလမ်းပိုင်းကိုလည်း သူတို့(စစ်ကော်မရှင်) ထိန်းထားတယ်လို့ ပြောနေပေမဲ့ စစ်ရေးကတော့ တင်းမားနေဆဲပဲ” ဟု ကော့ကရိတ်ဒေသခံတစ်ဦးက ပြောသည်။

    ကရင်ပြည်နယ်အတွင်းရှိ ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ကို စစ်ကော်မရှင်က စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ကြေညာထားသည့်အတွက် နယ်မြေရှင်းလင်းရန် စစ်ကြောင်းထိုးဝင်ရောက်မှုများ ပိုမိုလုပ်ဆောင်လာနိုင်ကြောင်းလည်း ၎င်းက သုံးသပ်ပြောဆိုလိုက်သည်။

    မြို့နယ် ၁၄ ခုအထိ စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် ရခိုင်ပြည်နယ်ကိုလည်း စစ်ကော်မရှင်က ကုန်ကြောင်းအပြင် ရေကြောင်းဖြင့် စစ်အင်အားဖြည့်နေပြီး အရက္ခတပ်တော် AA ထိန်းချုပ်ထားသည့် ဒေသများကို လက်နက်ကြီးဖြင့် ပစ်ခတ်လာနေသည်ဟု ရခိုင်ဒေသခံတို့က ပြောသည်။

    “စစ်ကော်မရှင်ဘက်ကနေပြီးတော့ ပင်လယ်ရေကြောင်းကနေ စစ်ဆင်ရေးတွေ လုပ်ဆောင်လာပြီး စစ်အင်အား အလုံးအရင်း ပို့လာတယ်။ ကျောက်ဖြူတိုက်ပွဲဘက်ကိုလည်း အင်အားအမြောက်အများ ပို့တယ်။ တင့်ကားတွေနဲ့ အင်အားဖြည့်လာတာ ရှိတယ်။ ရခိုင်ကမ်းရိုးတန်းမှာ မရှိဖူးတဲ့ စစ်သင်္ဘောတွေလည်း ကင်းလှည့်လာပြီး သဲတွဲဘက်ကို ပစ်ခတ်လာတာ ရှိတယ်။ အဓိကကတော့ ရေတပ်လှုပ်ရှားမှုတွေက သိသိသာသာ တွေ့လာရတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ပုဏ္ဏာန်းကျွန်းကို စစ်တွေနယ်နိမိတ်ကနေ အင်အားအလုံးအရင်းနဲ့ လာရောက်တိုက်ခိုက်တာ ရှိတယ်။ ရခိုင်ဒေသစစ်ရေးအခြေအနေက အခုလက်ရှိက ကျောက်ဖြူမှာ တိုက်ပွဲပြင်းထန်နေသလို စစ်ကော်မရှင်ဘက်ကလည်း အများကြီးပြင်ဆင်လာတာ ရှိတယ်” ဟု အရက္ခတပ်တော် AA နှင့် နီးစပ်သည့် ကျောက်တော်ဒေသခံတစ်ဦးက ပြောသည်။

    ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၄ ခုကို အရက္ခတပ်တော် AA က ထိန်းချုပ်ထားပြီး စစ်တွေနှင့် မာန်အောင်နှစ်မြို့နယ်ကိုသာ စစ်ကော်မရှင်တို့က ထိန်းချူပ်ထားနိုင်ကာ ကျောက်ဖြူတွင်လည်း တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။

    ထိုအပြင် တော်လှန်ရေးအားကောင်းသော နယ်မြေဖြစ်သည့် ကရင်နီပြည်နယ်ထဲက ရှားတော၊ ဖားဆောင်း၊ မယ်စဲ့မြို့နယ် ၃ ခုကိုလည်း စစ်အုပ်ချုပ်ရေးကြေညာခံထားရပြီး စစ်ကော်မရှင်ဘက်က သက်ဆိုင်ရာတပ်ရင်းများတွင် စစ်ရေးလှုပ်ရှားမှု၊ စစ်ရေးပြင်ဆင်မှုများ ပိုစိပ်လာသည်ဟု ကယားဒေသခံတို့က ပြောသည်။

    “အဲဒီမြို့နယ်တွေဘက်မှာ စစ်ကြောင်းထိုးတာက ပုံမှန်ပဲ။ ပိုဆိုးလာတာမျိုးတော့ မရှိသေးဘူးပေါ့နော်။ လက်နက်ကြီး၊ လေယာဉ်တွေနဲ့ တောက်လျောက်ပစ်တာတွေတော့ ရှိနေတယ်။ စစ်ရေးလှုပ်ရှားမှုကတော့ အရင်ကထက် ပိုစိပ်လာတယ်လို့ ပြောရမယ်။ စစ်ကြောင်းထိုးတာတွေက အရင်ကလို ပုံမှန်ပဲ ဆက်ရှိနေပေမဲ့ အခုနောက်ပိုင်း တပ်ရင်းတွေမှာ မြို့နယ်အလိုက် စစ်ရေးလှုပ်ရှားမှုတွေက ပိုစိပ်လာတာမျိုးတွေ တွေ့ရတယ်” ဟု KNDF နှင့် နီးစပ်သည့် ကရင်နီပြည်ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

    စစ်ကော်မရှင်က မြို့နယ်ပေါင်း ၆၃ မြို့နယ်ကို စစ်ဆင်ရေးများ ပြုလုပ်ရန် စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ကြေညာထားပြီး စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် မပါဝင်သည့် မြို့နယ်များတွင် ရွေးကောက်ပွဲလုပ်ငန်းဆိုင်ရာ ပြင်ဆင်မှုများ လုပ်ဆောင်နေသည်ကို တွေ့ရှိရသည်။

    ၂၀၂၅ ရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာလမှစတင်ကျင်းပသွားမည့်ဖြစ်ပြီး ကန့်သတ်ချက်ရှိသည့် နယ်မြေဒေသမှလွဲပြီး မြို့နယ်ပေါင်း ၂၆၇ မြို့နယ်ကို ဦးစာပေးအစီအစဉ်ဖြင့် အပိုင်းလိုက်ခွဲပြီး ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့တွင် တရားဝင်အသိပေးထုတ်ပြန်ခဲ့ပြီ ဖြစ်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,200SubscribersSubscribe
    spot_img

    Latest posts