မိမိတို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို စစ်ကော်ရှင်ထံ ပြန်လည်လက်လွှတ်ရမှုကို သင်ခန်းစာရယူကြောင်း TNLA မှ ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက ပြောသည်။
ယနေ့ ဩဂုတ် ၅ ရက်နေ့တွင် ကျင်းပသော TNLA သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲကာလအတွင်း မိမိတို့၏ အားသာချက်၊ အားနည်းချက်များကိုလည်း ပြန်လည်သုံးသပ်မှုများ ရှိကြောင်း ၎င်းက ပြောသည်။

လွေးယေဦးက “ကျမတို့ နောင်ချိုကို လက်လွှတ်ပေးရတယ်။ အဓိကကတော့ အရပ်သားတွေကို ကာကွယ်ပေးနိုင်ဖို့ အရပ်သားတွေ ထိခိုက်ဆုံးရှုံးမှုတွေ မရှိရလေအောင် ပြန်လည်လက်လွှတ်ရတာမျိုးတွေ ရှိပါတယ်။ သင်ခန်းစာတွေ ရယူပါတယ်။ ပြန်ပြီး သုံးသပ်တာမျိုးတွေ ရှိပါတယ်။ အဓိကတော့ တိုက်ပွဲကာလမှာ စစ်ရေးဖြစ်နေသမျှကို ကိုယ့်ရဲ့ အားနည်းချက်က ဘာဖြစ်မလဲ၊ ကိုယ့်ရဲ့အားသာချက်က ဘာလဲ၊ အားလုံးကို ပြန်လည်သုံးသပ်တာမျိုးတွေ ရှိပါတယ်။ ပြင်ဆင်ဆောင်ရွက်တာမျိုးတွေ ရှိပါတယ်” ဟု ပြောသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို TNLA က သိမ်းပိုက်ရရှိခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၆ ရက်တွင် စစ်ကော်ရှင်က လေကြောင်း၊ လက်နက်ကြီး ပစ်ကူ၍ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ကာ ပြန်လည်ထိန်းချုပ်ခဲ့သည်။
လက်ရှိတွင်လည်း နောင်ချို – မိုးကုတ်လမ်းပိုင်းရှိ ကျေးရွာများကိုလည်း စစ်ကော်ရှင်က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းကြောင်း နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။
မိမိတို့ TNLA ဖော်ဆောင်သော စစ်ရေးတွင် တရုတ်အစိုးရ၏ ဖိအားပေးမှုများ ရှိနေကြောင်း၊ ထို့ကြောင့် ဖိအားမလွန်ဆန်နိုင်၍ စစ်ကော်မရှင်နှင့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ရကြောင်း လွေးယေဦးက ပြောသည်။
“ဒီကျမတို့ရဲ့ စစ်ရေးအပေါ်မှာ လက်ရှိအချိန်ထိ တရုတ်အစိုးရရဲ့ ပါဝင်မှုက တရုတ်အစိုးရရဲ့ ဖိအားက တောက်လျှောက်အထိ ရှိပါတယ်။ လတ်တလောမှာလည်း ကျမတို့သည် ဒီလိုမျိုး တိုက်ပွဲတွေ မဖော်ဆောင်ဖို့ တရုတ်အစိုးရကနေ ဖိအားပေးတာမျိုးတွေ ရှိပါတယ်။ တကယ်လို့ တရုတ်အစိုးရက ဆွေးနွေးပွဲတွေ ခေါ်တယ်ဆိုရင် ကျမတို့က တရုတ်အစိုးရရဲ့ ဖိအားကို မလွန်ဆန်နိုင်လို့ သွားလိုက်ရတာမျိုးတွေ ရှိပါတယ်။ တွေ့ဆုံမှုကလည်း အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်တာမျိုးတွေ ရှိပါတယ်။ လိုအပ်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လိုအပ်တဲ့ ပြင်ဆင်မှုတွေ အတတ်နိုင်ဆုံး ကျမတို့ ပူးပေါင်းဆောင်ရွက်တာမျိုး ရှိပါတယ်” ဟု ပြောသည်။
တရုတ်အစိုးရ၏ ဖိအားပေး ကြားဝင်စေ့စပ်မှုဖြင့် စစ်ကော်ရှင်နှင့် TNLA တို့ ယခု ဩဂုတ်လအတွင်း တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သော ဇူလိုင်လအတွင်း TNLA ထိန်းချုပ်ထားသည့် ဒေသကို စစ်ကော်ရှင်တပ်၏ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ပြည်သူလူထု ၂၇ ဦးသေဆုံးပြီး ၈၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။