spot_img
Saturday, February 28, 2026
More
    spot_img
    Homeသတင်းမုဒုံတွင် စစ်ကောင်စီအဖွဲ့ထံ အကောက်ခွန်ငွေပေးဆောင်ပါက မူးယစ်ဆေးဝါးတရားဝင်ရောင်းချခွင့်ပြုထား

    မုဒုံတွင် စစ်ကောင်စီအဖွဲ့ထံ အကောက်ခွန်ငွေပေးဆောင်ပါက မူးယစ်ဆေးဝါးတရားဝင်ရောင်းချခွင့်ပြုထား

    -

    မွန်ပြည်နယ်၊ မုဒုံမြို့နယ်‌အတွင်းရှိ ကျေးရွာများတွင် စစ်ကောင်စီရဲနှင့်လုံခြုံရေးအဖွဲ့များထံ အကောက်ခွန်ငွေပေးဆောင်နိုင်သူများ မူးယစ်ဆေးဝါး တရားဝင်ရောင်းချခွင့်ရနေကြောင်း မုဒုံဒေသခံများ၏ ပြောပြချက်အရ သိရသည်။

    အထူးသဖြင့် ကလော့သော့၊ ကော့ပီထောနှင့် တောင်ပကျေးရွာအတွင်း မူးယစ်ဆေးဝါးရောင်းချသည့်နေအိမ်များသို့ စစ်ကောင်စီတပ်ဖွဲ့များက မကြာခဏ ဝင်ရောက်စစ်ဆေးနေသော်လည်း အကောက်ခွန်ပေးဆောင်ထားသည့် နေအိမ်များကို ဝင်ရောက်ဖမ်းဆီးမှုမပြုဘဲ တရားဝင်ရောင်းချခွင့်ပြုထားသည်။

    ဝယ်ယူသုံးစွဲနေသည့်လူငယ်များကိုသာ ဆက်တိုက်ဖမ်းဆီးနေပြီး ပြီးခဲ့သည့်ဇူလိုင်လအတွင်း မူးယစ်ဆေးဝါးဝယ်ယူသုံးစွဲမှုကြောင့် ဒေသခံ လူငယ် ၃ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရသည်။

    “ဒီမူးယစ်ဆေးဝါးရောင်းတဲ့အိမ်တွေကို (စကစ)က အကုန်စာရင်းရထားတယ်။ ဒါပေမဲ့ သူတို့မဖမ်းဘူး၊ ရောင်းတဲ့သူတွေက သူတို့ကို ပိုက်ဆံပေးနေတယ်ပေါ့ ရွာတွေမှာဆို သူတို့မကြာခဏ အဝင်အထွက်လုပ်တယ်၊ သူတို့မစ်ရှင်ရှိမှ ရောင်းတဲ့သူကို ‌တစ်ယောက်လောက်ဖမ်းလိုက်တာ၊ မရှိရင် မဖမ်းဘူး သောက်တဲ့သူကိုပဲ သူတို့ဖမ်းနေတာ ဒီကိစ္စတွေက အခုမှ ဖြစ်တာမဟုတ်ဘူး ဖြစ်နေတာကြာပြီး”ဟု မုဒုံဒေသခံတစ်ဦးက ပြောသည်။

    ကလော့သော့ရွာရှိ မူးယစ်ဆေးဝါးရောင်းချနေသည့် နေအိမ်တစ်အိမ်သို့ ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နေ့ ညနေ ၃နာရီအချိန်ခန့်က စစ်ကောင်စီအဖွဲ့မှ ဝင်ရောက်စစ်ဆေးရာ  ဒေသခံ လူငယ် ၂ ဦး ဖမ်းဆီးခဲ့ရသည်။

    ထို့နောက် ဇူလိုင် ၂၀ ရက်နေ့တွင် အဆိုပါလူငယ် ၂ ဦးနှင့် ပတ်သတ်ဆက်နွယ်သည့် ကော့ပီထော်ကျေးရွာမှ လူငယ် ၁ ဦးကိုလည်း  အင်အားအများအပြားအသုံးပြုကာ ဖမ်းဆီးမှုထပ်မံ ပြုလုပ်ခဲ့သည်။

    မူးယစ်ဆေးဝါးရောင်းချသူများက စစ်ကောင်စီအဖွဲ့ထံ ငွေကြေးပမာဏမည်မျှ ပေးဆောင်ရသည်ကို အတည်မပြုနိုင်သော်လည်း သက်ဆိုင်ရာ မုဒုံမြို့နယ်အတွင်းရှိ ရဲစခန်းသို့ လူကိုယ်တိုင်ဖြစ်စေ၊ စစ်ကောင်စီတပ်ဖွဲ့မှ ရောင်းချနေသည့်နေအိမ်အထိအဖြစ်စေ လာရောက်၍ အခွန်ငွေ ပေးဆောင်နေရသည်ဟု နီးစပ်သည့် ဒေသခံများက ဆိုသည်။

    အဆိုပါ  မူးယစ်ဆေးဝါးရောင်းချနေသည့် နေအိမ်များတွင် ဘိန်းစာရွက်သာ ရောင်းဝယ်နေသည်ဟု သာမန်ဒေသခံများက သိရှိထားသော်လည်း WY၊ ဘိန်းဖြူ၊ ဘိန်းခြောက်နှင့် မူးယစ်စေသည့်ဆေးဝါးမျိုးစုံကို လူကြီး၊ လူငယ်များလက်လှမ်းမှီနိုင်သည့်ဈေးနှုန်းဖြင့် ရောင်းချလျှက်ရှိသည်။

    “ ဘိန်းစာရွက်ပဲရောင်းနေတယ်လို့ သိကြတာပေါ့။ အမှန်ဆို သူတို့အကုန်ရောင်းနေတာ ဘိန်းစာရွက်က လူတိုင်းနီးပါးက ရောင်းနေတော့လေ သူတို့ကအမည်ခံလိုက်တာပဲ။ ဆေးတစ်ပြားက ဈေးနှုန်းလဲမများဘူး ၄၀၀၀ လောက်ပဲရှိတယ် တစ်ဝက်လဲ ခွဲရောင်းပေးကြတယ်” ဟု မူးယစ်ဆေးဝါး ရောင်းချနေသူများနှင့် နီးစပ်သည့် အမျိုးသားတစ်ဦးက ပြောသည်။

    ထို့ကြောင့် မုဒုံဒေသခံများ မူယစ်ဆေးဝါးသုံးစွဲမှုမြင့်တက်လာနေပြီး ကျေးရွာအတွင်း ခိုးဆိုးလုယက်မှုများနေသည့်အပြင် မကြာခဏ ဝင်ထွက်နေသည့် စစ်ကောင်စီအဖွဲ့များကြောင့် မလိုအပ်ပဲ စစ်ဆေးမေးမြန်မှုခံရမည်ကို မုဒုံဒေသခံများ စိုးရိမ်နေကြသည်။

    လက်ရှိ မုဒုံမြို့နယ်တွင် မူးယစ်ဆေးဝါးရောင်းချသူ၊ လောင်းကစားဝိုင်းဖွင့်လှစ်ထားသူနှင့် ချဲဒိုင်များက စစ်ကောင်စီရဲနှင့်လုံခြုံရေးအဖွဲ့များနှင့် ပူးပေါင်း၍ တရားမဝင်သည့်လုပ်ငန်းများကို ပေါ်ပေါ်တင်တင်လုပ်ဆောင်နေကြသည်။

    မွန်ပြည်နယ်၏ မြို့နယ်များဖြစ်သည့် မုဒုံ၊ကျိုက်မရော၊သံဖြူဇရပ်နှင့် ရေးမြို့နယ်အတွင်း မူးယစ်ဆေးဝါး သုံးစွဲရောင်းချမှုသိသိသာသာ ကြီးထွားလာပြီး ကျန်မြို့နယ်များတွင်လည်း သုံးစွဲရောင်းချမှု မြင့်တက်နေသည်။

    ဝယ်ယူရရှိမှုလွယ်ကူခြင်းကြောင့် ICE နှင့် WY အပြင် မူးယစ်ဆေးဝါးအမျိုးမျိုးကို အသက်အန္တရာယ်ထိခိုက်သည်အထိ လူငယ်အမျိုးသား၊ အမျိုးသမီးများ သုံးစွဲလာနေကြသဖြင့် စိုးရိမ်စရာအခြေအနေဖြစ်လာကြောင်းလည်း မူးယစ်ဆေးဝါးအရေး တက်ကြွလှုပ်ရှားသူများက ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks