မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေသည့်အပြင် ကျေးရွာအတွင်းသို့ အင်းအားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာနေသဖြင့် ဒေသခံများထိန့်လန့်၍ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ရေးမှသတင်းရင်းမြစ်များအရ သိရသည်။
အာယုတောင်ကျေးရွာအုပ်စု၊ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးအရှေ့ရှိ ရွာသစ်ရွာဘက်သို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယနေ့ မနက် ၁၂ နာရီကျော်မှစ၍ မနက် ၅ နာရီခွဲအထိ ရေးအခြေစိုက် ခမရ (၃၄၃) မှ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း သိရသည်။
လက်နက်ကြီးပစ်ခတ်မှုရပ်နားသွားသည့်နောက် အင်အား ၆၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီစစ်ကြောင်းသည် ရွာသစ်ရွာဘက်သို့ ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသည်ဟု ရေးဒေသခံတစ်ဦးက ဆိုသည်။

“ တောရှင်းမယ်ပြောပြီး ကားနှစ်စီးနဲ့ အင်းအား ငါးဆယ်ခြောက်ဆယ်လောက်နဲ့ ရွာသစ်ဘက်မှာရော၊ ခြံဘက်မှာရော သူတို့ဝင်သွားတယ်။ လက်နက်ကြီးက ဘယ်မှာကျလဲတော့မသိဘူး၊ မနေ့ကလဲ ခံသင်းဘက်မှာ လက်နက်ငယ်တွေနဲ့ ပစ်နေတာလဲရှိတယ်” ဟု ရေးဒေသခံတစ်ဦးက ပြောသည်။
ထို့ကြောင့် ရွာသစ်ရွာနှင့် အနီးဝန်းကျင်ရှိ ခြံအတွင်းနေထိုင်သူများ ထိန့်လန့်၍ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရေးဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ဥယျာဉ်ခြံနှင့် ရွာလမ်းအတွင်း နေရာယူထားသည့် စစ်ကောင်စီအဖွဲ့မှ လုံခြုံရေးတင်းကြပ်ထားသည့်အပြင် ရွာသားများကို ရိုက်နှက်၍ စစ်ဆေးမှုလုပ်ဆောင်နေသည်။
“ သူတို့အင်အားအများကြီးနဲ့လာတော့ ဘယ်သူက နေရဲတော့မှာလဲ သူများတွေ ကြောက်ပြီး ရှောင်ကုန်ကြတာပေါ့၊ ခြံမှာရှိနေတဲ့သူတွေလဲ ထွက်လာကြကုန်ပြီး တိုက်ပွဲဖြစ်မှာလဲ ကြောက်နေကြတယ်။ နောက်ပြီး စစ်ဆေးတာလဲတင်းကြပ်ထားတယ်။ တော်လှန်ရေးဘက်ရော၊ စစ်တပ်ဘက်ကရောပဲ ဖုန်းဆိုလဲခြံသွားရင် ဘယ်သူမှမယူသွားရဲဘူး” ဟု ဒေသခံ အမျိုးသမီးက ဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့က ရွာသစ်ရွာအနီးရှိ ရေးဘီလူးအဖွဲ့၏ စစ်ဆေးရေးဂိတ်တစ်ခုကို စစ်ကောင်စီတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် မကြာခဏစစ်ကြောင်းထိုး ဝင်ရောက်နေသည်။
ရေးချောင်းဖျားဒေသဖြစ်သည့် ကျောက်တိုင်၊ ခမွန်း၊ နယ်ပြားကျေးရွာကြားရှိ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ ၆၊ တပ်ရင်း ၂၇ နယ်မြေအတွင်းသို့ စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်နေ့က ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သေးသည်။
သံဖြုဇရပ်မြို့နယ်နှင့် ရေးမြို့နယ်အတွင်း စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကြား ပြီးခဲ့သည့် ဇူလိုင်လအတွင်း တိုက်ပွဲ ၆ ကြိမ်အထိ ဖြစ်ပွားထားပြီး လုံခြုံရေးအထူးတင်းကြပ်လျှက်ရှိသည်။