အမှီအခိုကင်း၊ လွတ်လပ်ပြီး တရားမျှတမှုနဲ့ပြည့်စုံရမယ်ဆိုတာ ရွေးကောက်ပွဲ တစ်ပွဲရဲ့ အခြေခံ စံချိန်စံညွှန်းတစ်ခုဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်တပ်က ရွေးကောက်ပွဲတစ်ခုကို ဦးဆောင်ကျင်းပပါတော့မယ်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာ ရွေးကောက်ပွဲတစ်ရပ်ကိုကျင်းပပေးတော့မယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇူလိုင်လ ၃၀ ရက်နေ့က ဂုဏ်ပြုတွေ့ဆုံပွဲတစ်ခုမှာ ထုတ်ပြောခဲ့ပါတယ်။
အဲဒီနောက် အာဏာသိမ်းပြီးထဲက ဖွဲ့စည်းခဲ့တဲ့ စစ်ကောင်စီကို ဖျက်သိမ်းပြီး အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) က ကြားကာလအစိုးရအဖွဲ့တွေ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့အသစ်တွေ တောက်လျှောက် ဖွဲ့ပေးနေပါတယ်။

“ရွေးကောက်ပွဲတစ်ပွဲမှာ သက်ဆိုင်သူအားလုံးပါဝင်ရမယ်။ All inclusive ဖြစ်ရမယ်ဆိုတာတွေကို ခနဖယ်ထားဦး။ ဒီရွေးကောက်ပွဲကို ဦးဆောင်ကျင်းပမယ့် လူတွေက အာဏာသိမ်းပြီးကတည်းက ပုဒ်မ ၄၁၉ အရဆိုပြီး ဥပဒေပြုရေး၊ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးဆိုတဲ့ ၃ ရပ်လုံးကို လုပ်ချင်သလိုလုပ်နေတာ။ အခု ရွေးကောက်ပွဲ ကော်မရှင်ကိုလည်း သူကပဲ ဖွဲ့ချင်သလို ဖွဲ့လိုက်တယ်။ အဲ့တာကိုမှ သူက တရားမျှတတဲ့ရွေးကောက်ပွဲကို လုပ်မယ်ဆိုတာက ဒီနေရာမှာ တရားမျှတမှုဆိုတဲ့ စကားလုံးတောင် သုံးလို့ မရပါဘူး။” လို့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူက ပြောပါတယ်။
စစ်တပ်ကခန့်တဲ့ ရွေးကောက်ပွဲကော်မရှင်
ကာလုံမှာ နိုင်ငံတော် သမ္မတက ဥက္ကဌရာထူးရပြီး တပ်မတော် ကာကွယ်ရေးဦးစီး ချုပ် အပါအဝင် စစ်တပ်အကြီးအကဲတချို့ ပါဝင်ဖွဲ့စည်းထားပါတယ်။
လက်ရှိမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယာယီ သမ္မတရာထူး ရယူထားတဲ့အတွက် သူက ကာလုံဥက္ကဌ ဖြစ်ပြီး ရွေးကောက်ပွဲလွန်ကာလအထိ နိုင်ငံရဲ့ အာဏာသုံးရပ်လုံးကို သူက ချုပ်ကိုင်ထားမှာပါ။
ကာလုံရဲ့ ခွင့်ပြုချက်နဲ့ပဲ ရွေးကောက်ပွဲကော်မရှင်အသစ်ကို ဇူလိုင်လ ၃၁ ရက်နေ့မှာ ပြန်လည်ဖွဲ့စည်းလိုက်ပြီး ဦးသန်းဆွေက ဥက္ကဌ အဖြစ် တာဝန်ယူထားပါတယ်။
“ရွေးကောက်ပွဲကော်မရှင်မှာက ခေတ်အဆက်ဆက် အများစုက စစ်တပ်က ပြောင်းလာတဲ့ လူတွေပဲ။ ၂၀၁၀ ကစပြီး ကော်မရှင်ဖွဲ့တဲ့အခါမှာ ဗိုလ်ချုပ် ဦးတင်အေးတို့ ဘာတို့ NLD လက်ထက်ကျမှ ဦးလှသိန်း ဒါပေမဲ့ အတွင်းရေးမှူးတွေက စစ်တပ်ကလူတွေချည်းပဲ။ အခု ဦးသန်းစိုးလည်း စစ်တပ်ကနေ အရပ်ဘက် ပြောင်းလာတဲ့လူ ဖြစ်နိုင်တယ်။ အတည်တော့ မပြုရသေးဘူး။ သေချာတာတော့ စစ်တပ် ဒီကော်မရှင်မှာလည်း စစ်တပ်ကနေပြောင်းလာသူတွေ ပါမယ်” လို့ စောင့်ကြည့်လေ့လာသူ ကိုအေးမင်း(အမည်လွှဲ)က ပြောပါတယ်။
လုံခြုံမှုမရှိတဲ့ ရွေးကောက်ပွဲနဲ့ သေဒဏ်
ရွေးကောက်ပွဲ ကျင်းပဖို့ ၆ လပဲ လိုတော့ပေမဲ့ စစ်တပ်က မြို့ပေါင်း ၉၀ ကျော်ကို လက်လွှတ်ထားရဆဲပါ။ ရန်ကုန်မြို့ပြလို နေရာမျိုးမှာ စစ်တပ်အရာရှိဟောင်းတချို့နဲ့ စစ်တပ်ထောက်ခံသူတွေ သတ်ဖြတ် ခံရမှုတွေကလည်း ရှိနေပါတယ်။
တော်လှန်ရေးအင်အားစုတွေဘက်က စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို တတ်နိုင်သလောက် ဆန့်ကျင်မယ်လို့ ထုတ်ပြောထားတာတွေရှိနေတာကြောင့် နိုင်ငံရေးပါတီတွေမှာလည်း လုံခြုံရေး စိုးရိမ်မှုတွေ ရှိနေပါတယ်။
ဒါပေမဲ့ စစ်တပ်ကတော့ ဂရုစိုက်ပုံမရပါဘူး။ သူကြွေးကြော်ထားတဲ့ ရွေးကောက်ပွဲကို ဖြစ်အောင်လုပ်ဖို့ ရွေးကောက်ပွဲ ကာကွယ်ရေး ဥပဒေကို ပြဌာန်းပါတယ်။
ကျင်းပမယ့် ရွေးကောက်ပွဲကို ဝေဖန်တာ၊ နှောင့်ယှက်တာတွေ လုပ်မယ်ဆိုရင် အနည်းဆုံး ထောင်ဒဏ် ၃ နှစ်ကနေ လူသေဆုံးတဲ့အထိ နှောင့်ယှက်ပါက သေဒဏ်အထိ ကျခံရမယ်လို့ ဇူလိုင်လ ၂၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ဒီဥပဒေဟာ နိုင်ငံရေးပါတီတွေရဲ့ မဲစွယ်စည်းရုံးရေးကာလ၊ ရွေးကောက်ပွဲကာလနဲ့ ရွေးကောက်ပွဲရလဒ်တွေကို ကြေညာပြီးတဲ့အထိ အကျုံးဝင်တယ်လို့ ဆိုပါတယ်။
ဥပဒေပညာရှင်တဦးဖြစ်တဲ့ တရားလွှတ်တော် ရှေ့နေဦးမြင့်မောင်က “ကျနော်တို့ ဥပဒေသမားအနေနဲ့ကြည့်ရင် ဒီဥပဒေက မလိုအပ်ဘူးဗျ ရာဇသတ်ကြီး ထဲမှာလည်း ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ပစ်မှုတွေကျူးလွန်ရင် ဘယ်လိုကျူးလွန်ရင် ဘယ်လိုပြစ်ဒဏ်ပေးမယ်ဆိုတာ ပြဌာန်းထားပြီးသားဖြစ်တယ်။အလားတူပဲ ရွေးကောက်ပွဲကော်မရှင် ဥပဒေထဲမှာလည်းပဲ ဘယ်လိုပြုလုပ်မှုတွေဆိုရင် ဘယ်လိုပြစ်ဒဏ်ပေးမယ်ဆိုတာ ရှိပြီးသား။ သို့သော် အဲဒီ ဥပဒေတွေမှာက ပြစ်မှုနဲ့ပြစ်ဒဏ်က ညီမျှတယ်လို့ ကျွန်တော်မြင်တယ်။ အခုဥပဒေမှာက အကုန်လုံးက ကြည့်လိုက်ရင် သေဒဏ်နဲ့ တစ်သတ်တစ်ကျွန်ချည်းပဲ။ ဒီဟာက ဥပဒေဆိုတာထက် ဥပဒေနာမည်ကိုသုံးပြီး ခြိမ်းခြောက်တာတစ်ခုလို့ပဲမြင်တယ်”လို့ သုံးသပ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)နဲ့ နိုင်ငံရေးပါတီ ၅၂ ခုတို့ တွေ့ဆုံစဉ်က ရွေးကောက်ပွဲကာလမှာ နိုင်ငံရေးပါတီဝင်တချို့ လက်နက်ကိုင်လုံခြုံရေးယူဖို့ ဆွေးနွေးမှုတွေရှိခဲ့ပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွဲ့ဖြိုးရေးပါတီက ကြိုတင်စာရင်းပေးတာတွေပါရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။
“မဲလာပေးတဲ့လူက လက်နက်ကိုင်ထားရင်တော့ ကြောက်တာပေါ့ဗျ။ ပြည်သူဆိုတာကသေနတ်ကိုကြောက်တယ်ဗျ။အဲ့တော့ကြောက်ကြောက်နဲ့တော့မဲပေးပေးရမှာပေါ့”လို့ နိုင်ငံရေးသမားတဦးက မှတ်ချက်ပြုပါတယ်။
မဲပေးတယ်ဆိုတဲ့နေရာမှာလဲ စစ်ကောင်စီက အီလက်ထရောနစ် မဲပေးတဲ့ ပုံစံနဲ့ ပြုလုပ်မယ်လို့ ကြေညာထားပြီးဖြစ်ပါတယ်။ ဒီစနစ်အပေါ် ဘယ်လောက်ထိ ယုံကြည်လို့ ရနိုင်မလဲ ဆိုတာနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ ကိုအေးမင်း(အမည်လွှဲ)က “ ကျနော်တို့ကတော့ အီလက်ထရောနစ်ဗုတ်တင်က ရိုးရှင်းတယ်လို့ ထင်ရပေမယ့် မဲခိုးမှုကိုလုပ်တဲ့အခါမှာတော့ အကောင်းဆုံးမဲပေးစနစ်လို့ ခေါ်ရမှာပေါ့။ လူအများနဲ့ဆိုတော့ အီလက်ထရောနစ်နဲ့မဲပေးတာက မြန်တယ်လို့ ထင်ရပေမယ့် မဲတွေမှာ ပယ်မဲကဘလောက် ဘယ်ဟာကဘလောက်ဆိုတာကို ပြန်ပြီးတော့ ပြည်သူမြင်အောင်ကြည့်ဖို့ဆိုတာက အရင်က စာရွက်နဲ့တုန်းကဆိုရင် လွှတ်တော်အမတ်တစ်ယောက်က ဒီရလဒ်အပေါ် တစ်ခုခုမှားယွင်းနေတယ်ထင်လို့ ပြန်ရေတွက်ပေးပါဆိုရင် ရတယ်လေ။အခုကကျတော့ ကျနော်တို့က ပြန်ကြည့်ပေးပါ။ ပြန်လုပ်ပေးပါဆိုရင် ရနိုင်တဲ့အနေအထားမဟုတ်ဘူးဗျ။”လို့ ဆိုပါတယ်။
စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ နိုင်ငံရေးပါတီ ၇၇ ခု တင်ပြထားပြီးအဲဒီထဲက ၅၄ ခုကို ရွေးကော်က ပါတီမှတ်ပုံတင် ထုတ်ပေးထားပါတယ်။
အဲဒီပါတီ ၅၄ ခုထဲမှ ခေတ်အဆက်ဆက် လူထုထောက်ခံမှုအများဆုံးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့ မပါဝင်တော့ပါဘူး။
ဒါ့အပြင် NLD ပါတီရဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း စစ်တပ်က ဒီကနေ့အထိ ဖမ်းဆီးထားသလို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်နေ့မှာလည်း ရွေးကောက်ပွဲဥပဒေမှာ မဲမသမာမှုလုပ်တဲ့နိုင်ငံရေးပါတီကို နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိဘူးဆိုပြီး ထုတ်ပြန်လိုက်ပါတယ်။
ဒါကြောင့် စစ်တပ်ကဦးဆောင်မယ့်ရွေးကောက်ပွဲဟာ သက်ဆိုင်သူအားလုံးပါဝင်တဲ့ ရွေးကောက်ပွဲမဟုတ်သလို တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲလဲ မဖြစ်နိုင်ဘူးလို့ ထောက်ပြကြပါတယ်။