spot_img
Sunday, March 1, 2026
More
    spot_img
    Homeသတင်းချဲဂဏန်းနိမိတ်ပြ အကအလှများကို စိတ်ဝင်စားလာသော မွန်လူထုတို့၏ ဆရာကိုးကွယ်မှုများ

    ချဲဂဏန်းနိမိတ်ပြ အကအလှများကို စိတ်ဝင်စားလာသော မွန်လူထုတို့၏ ဆရာကိုးကွယ်မှုများ

    -

    အတွေးအမြင်၊ သံသာချိုတေး

    အကအလှ နိမိတ်ပြမှုမှသည် ထိုင်းထီနောက်ဆုံးသုံးလုံး ပေါက်ဂဏန်း‌ဖော်နေကြသော မွန်လူထု တချို့တို့၏ ဆရာကိုးကွယ်ယုံကြည်မှုမှာ လတ်တလော ခေတ်စားလာနေသည်။ 

    ချဲဂဏန်းပေးသော ဆရာအမျိုးမျိုးတို့သည်လည်း ဈေးကွက်ရှာ‌ဖွေရေး သရုပ်ပြစွမ်းဆောင်ရည် နည်းလမ်းကောင်းများ အသုံးချကာ ချဲထိုးသူဝါသနာရှင်များ၊ ချဲလုပ်ငန်းရှင်များတို့ကို ဆွဲဆောင်ထားနိုင်ပါသည်။

    ယခုအခါတွင် အလုပ်ကိုင်ရှားပါးလာခြင်းနှင့်အတူ အပျင်းပြေကံစမ်းရာမှသည် လောင်းကစားဝိုင်းများသည်လည်း မွန်ဒေသနေရာအနှံ့ပြားတို့တွင် စည်ကားလာနေပါသည်။

    မွန်လူမျိုးများစွာနေထိုင်သော ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ၊ သံပုရာကျေးရွာတွင် ဆရာတစ်ပါးက ချဲဂဏန်းပေးရာမှ အကအလှ လက်ဟန်လှုပ်ရှားမှုများဖြင့် နိမိတ်ပြဂဏန်းများ ဖော်ပြသောအခါ၊ လူထုတို့က ဆရာအား ပန်းကုံး၊ ငွေပန်းစည်း၊ ငွေဆုစလွယ်များ ချီးမြှင့်နေသည့် ရုပ်သံများသည် လူမှုကွန်ရက်များတွင် မီးမောင်းထိုးပြ ခေတ်စားလာသည်။ Suprise Gifts နှင့် ပန်းးစည်းပြုလုပ်ခြင်း ဝန်ဆောင်မှုများလည်း ခေတ်စားလာလေသည်။

    မွန်လူမျိုးတို့၏ ရိုးရာဓလေ့တွင် ဆရာဟူသည်မှာ လောကီလောကုတ္တရာ နှစ်ဌာနလုံး၌ အရေးပါ အရာရောက်မှု အရှိဆုံးလူပုဂ္ဂိုလ်ဖြစ်ကြသည်။ ယခုအခါ ထိုအစဉ်အလာရှိသည်ကို အသုံးချကာ အကအလှဖျော်ဖြေရေးနှင့် ပေါင်းစပ်ကာ ချဲဂဏန်းပေးသည့် နည်းလမ်းကို အနုပညာဆန်ဆန် ဖန်တီးလိုက်ကြခြင်းဖြစ်သည်။

    ဆရာ၏ မျက်နှာနှင့် အကအလှ လက်ဟန်အမူအရာများမှာ ဇာတ်မင်းသားတဦးအလား တွေ့မြင်ရသည်။ ဆရာ၏ အဝတ်အစား အဆင်တန်ဆာမှာ အများကြီး မထူးခြားလှသော်လည်း၊ ၎င်းအား လာရောက်ချီးမြှင့်သူများထက် ပိုမိုဆန်းသစ်နေသည်။ ခေတ်သစ်မွန်သီချင်း သံစဉ်မြူးမြူးကြွကြွ ဖွင့်ထားကာ ဆရာသည် လွတ်လပ်ပေါ့ပါးစွာ ကပြနေသည့်ရုပ်သံမှာ လူမှုကွန်ယက်တွင် အများအပြား ပြန့်နှံ့နေပါပြီး။

    ကျော့ကျော့မော့မော့ ကိုယ်ဟန်အလှ ကပြနေသော ဆရာထံပါးသို့ နယ်ခံ မွန်အမျိုးသား၊ အမျိုးသမီးတချို့တို့က ပန်းစည်းပန်းကုံးကိုယ်စီ၊ ငွေစလွယ်သိုင်းကိုယ်စီ ကိုင်‌ဆောင်လျက် ချီတက်လမ်းလျှောက်နေသည်မှာ မွန်ရိုးရာဆန်ဆန် ဝါကျွတ်ကာလ ပဒေသာပင်အလှ လှည့်လည်နေသကဲ့သို့ပင် မြင်နေရပါသည်။

    ပြီးခဲ့သည့်လပတ်က ဆရာ၏ အကအလှ နိမိတ်ပြရာမှ ချဲဂဏန်းအထာကောက်၍ ချဲပေါက်ကြသည့်အတွက် လူတစ်ဦးချင်းကပင် သိန်းဆယ်ချီကာ ဆရာအား ချီးမြှင့်နေကြသည်။ ကျပ်ငွေသိန်းအစိတ် (၂၅ သိန်း) ထက်မက ချီးမြှင့်သူများလည်း ရှိသည်ဟု ပြောဆိုကြသည်။ ချီးမြှင့်ငွေလက်ခံသည် အခမ်းအနား တခါတခေါက်ပြုလုပ်ပါက ဆရာ့အား စုစုပေါင်းချီးမြှင့်ငွေများမှာ သိန်း‌ ပေါင်းရာဂဏန်းထက်မကရှိမည်ဟု ဆရာ၏ ရုပ်သံများမှာမြင်ရ‌သော အခင်းအကျင်းများအရ မှန်းဆနိုင်သည်။ 

    ထိုင်းထီပေါက်ဂဏန်း ကြေညာပြသသည့် လစဉ် (၁၆) ရက်နေ့မတိုင်ခင်နှင့် လကုန်ရက်မတိုင်ခင် နောက်လ (၁) ရက်နေ့အတွက် ဆရာက ချဲဂဏန်းနိမိတ်ပြသည့် အကအလှအခမ်းအနားများ အကြိမ်ကြိမ်ဆင်နွှဲလာသည်မှာ လူသိများလာသည်။ ဆရာ့အား ငွေသားဆုချီးမြှင့်သူတို့သည် များပြားသည်ထက် များပြားလာနေပါသည်။

    ဆရာ၏ ဘုန်းကံမှာ ကြီးမားလှပေတကားဟု ကောက်ချက်ချသူများ ရှိပါသည်။

    ဆရာ၏ ချဲဂဏန်းနိမိတ်ပေး အကအလှရုပ်သံများကို လူကြိုက်များလာသည်နှင့်အမျှ ဆရာအား ယုံကြည်ကိုယ်းကွယ်သူများ များပြားလာစေကာ ငွေစင်ပန်းကုံးများဆက်သခြင်း၊ ငွေကြေးဆုချီးမြှင့်ခြင်းများ တိုးပွားပြုလုပ်လာကြသည်။ 

    တဖက်တွင်လည်း ဆရာ၏ ချဲဂဏန်းနိမိတ်ပြ အကအလှတို့ကို သံသယဝင်နေသော မွန်လူထုများရှိပါသည်။ “အဆိပ်ပင်ကို ရေလောင်းနေသူများ” ဟု ဝေဖန်ထောက်ပြကြသည်။ 

    ဆရာနှင့်ပတ်သက်သူ တပည့်သာဝကတို့က Facebook ၏ Live Streaming Service ကို အသုံးချကာ တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်ကြသည့်အတွက် ဆရာ၏ ချဲဂဏန်းနိမိတ်ပြအလှ ရုပ်သံများကို တကမ္ဘာလုံးရှိ မွန်အသိုင်းအဝိုင်းတို့ကြားက ဝေဖန်စရာ၊ ချီးမွမ်းစရာ အသံဆူညံစေသည်။

    လူမှုကွန်ရက်ပေါ်တွင် ဤအခမ်းအနား ရုပ်သံများကို မျှဝေလိုက်သည့်အခါ “ဆရာကြီး၏ နိမိတ်ပြဂဏန်းများကို ယုံကြည်ကိုးကွယ်ခြင်း” နှင့် “မွန်ရိုးရာဓလေ့ ဆရာဂုဏ်ပြုပွဲ အလှတရားများ” ဟူသော ခေါင်းစဉ်များဖြင့် Viral Video Clips များအဖြစ် Page တချို့၊ Account တချို့တို့ပေါ်တွင် အထင်အရှား ပျံ့နှံ့လာသည်။ အချို့က ဤဓလေ့ကို “မွန်တို့၏ ဒီဂျစ်တယ်ခေတ် ဆရာများကိုးကွယ်မှု” ဟု သရုပ်ဖော် ရေးသားကြသည်။

    မည်သို့ဆိုစေ ပြည်တွင်းရော၊ ပြည်ပရောက်မွန်လူမျိုးများ၊ အထူးသဖြင့် ထိုင်းရောက်မွန်လူမျိုး ချဲဝါသနာရှင်၊ လုပ်ငန်းရှင်တို့က မိမိတို့ ချဲပေါက်ထားသော ဆုကြေးများထဲက ငွေပမာဏတချို့ကို ဆရာ့အား ချီးမြှင့်မှု ပြုလုပ်ခြင်းမှာ ဆရာအား ဂုဏ်ပြုပွဲ ပြုလုပ်ရုံသက်သက်မျှသာ ဖြစ်သည့်အတွက် မည်သို့မှ အပြစ်မဆိုသာသည်မို့ ဆရာ၏ လုပ်ရပ်သည် အကောင်းမြင်နေကြသူလည်း ပေါများပါသည်။ 

    ထိုအပြင် ပန်းစည်းပန်းကုံးပြုလုပ်သူ ဒေသခံစီးပွားရေးကိုလည်း အထောက်အကူများ ဖြစ်‌နေစေသည်။ ဆရာထံပါးသို့ လာရောက်ချီးမြှင့်ကိုယ်းကွယ်သူများလာသည့်အတွက် ကုန်းလမ်း၊ ရေလမ်းခရီး ဝန်ဆောင်မှုနှင့် ‌ဈေးဆိုင်များအတွက် လုပ်ငန်းလည်ပတ်မှု ကောင်းမွန်‌စေပါသည်။ 

    ဆရာ၏ ချဲဂဏန်းနိမိတ်ပြ အကအလှ အခမ်းအနားပြ ရုပ်သံများမှာ နာမည်ကြီး လူသိများလာသည့်အတွက် ဆရာကိုယ်တိုင် စီမံထား‌သော ကံကောင်းခြင်း၊ ရောဂါဘရာကင်းဝေးခြင်း အဆောင်များလည်း မျှဝေရောင်းချကြသည်ဟု လက်ဆင့်ကမ်း ပြောဆိုလာကြသည်။ 

    ဈေးကွက်စီးပွားရေး အပြိုင်အဆိုင် မြင့်မားလာသည့်ခေတ်တွင် ဈေးကွက်ရှာ‌ဖွေရေး သရုပ်ပြစွမ်းဆောင်ရည် (Marketing Performance) ကောင်းမွန်ရန် လိုအပ်ချက်နှင့်အတူ ဖောက်သည်ဖြစ်သူများ၏ အာရုံစိုက်မှု (Customer Engagement) မြှင့်တင်ရေး နည်းလမ်းအမျိုးမျိုးကို စီးပွားရှာသူတို့က အသုံးပြုလာကြသည်။ 

    ဤဓလေ့အပြုမူအသစ်သည် ‌ဆရာနှင့်အတူ ဆရာအား ယုံကြည်သူတို့က ဖန်တီးထားသည်ဆိုသည်ငြားလည်း ခေတ်သစ်လူမှုကွန်ယက်ကို ကောင်းမွန်စွာ အသုံးချနိုင်သည့်အတွက် ဆရာတို့အုပ်စုသည် ဈေးကွက်ရှာ‌ဖွေရေး သရုပ်ပြစွမ်းဆောင်ရည် နည်းလမ်းကောင်းမွန်ခြင်း၊ ဆရာ့အား ပူဇော်ချီးမြှင့်သူများ၏ အာရုံစိုက်မှုမြှင့်တင်ရေးနည်းလမ်း ကောင်းမွန်ခြင်း ရှိလှသည်ဟု ထင်မှတ်စရာ ရှိပါသည်။

    ဆရာ၏ ချဲဂဏန်း နိမိတ်ပြ အကအလှသည် မွန်လူထုတို့က ကြည်ညိုအား‌ပေးနေမှုမှာ ဘာသာရေးယုံကြည်မှုထက် ကျော်လွန်လာသည့်အတွက် ဘာသာရေး ဆရာတော်ဘုန်းကြီးများနှင့် အာဏာပိုင်တို့၏ အထိန်းအကွပ်များ လိုအပ်လာပြီးဟု ထုတ်ဖော်ပြောဆိုကြသူများ ရှိပါသည်။ သို့သော် ချဲဂဏန်းပေးသော မွန်ဘုန်းကြီးတချို့လည်းရှိနေသည့်အတွက် ဆရာအား မည်ကဲ့သို့ဟန့်တားရမည်ကိုပင် ခက်နေစေသည်ဟု ကောက်ချက်ချသူများလည်း ရှိပါသည်။ မွန်ဒေသတွင် ချဲဂဏန်းပေးသော ဆရာအမျိုးမျိုးပေါ်ပေါက်ခဲ့ဖူးပြီး နှစ်ကာလ အပိုင်းအခြားကြာလာသောအခါ အလျှိုလျှိုပျောက်ကွယ်ကုန်သည့် ဖြစ်စဉ်များစွာ ရှိခဲ့ဖူးပါသည်။ 

    နိုင်ငံရေး ပဋိပက္ခနှင့် နိုင်ငံသားများ အကြပ်တည်းများ ကြုံတွေ့နေရသောကာလအတွင်း လောင်းကစားဆန်ဆန်ဖြစ်လာသော ချဲထိုးခြင်းကိစ္စတို့တွင် နစ်မွန်းဖက်တွယ်လာသော မွန်လူထုတို့အတွက် သတိပေးခေါင်းလောင်းတီး နှိုးဆော်ပေးရန် မွန်အမျိုးသားရေး ဦးဆောင်သူတို့က ခေါင်းချင်းဆိုင် ဆွေးနွေးရန် အချိန်တန်လေပြီးဟု နိုင်ငံရေးတက်ကြွသူ လူငယ်တို့က ဆိုလာပါသည်။ ဤဖြစ်စဉ်မှာ မွန်လူထုတို့၏ ကိုယ်ပိုင်လက္ခဏာ ရိုးရာဓလေ့ထုံးတမ်းယောင်ယောင် ကမ္ဘာလူထုအနှံ့သို့  ထုတ်ဖော်ပြသလိုက်သည့် သက်သေတစ်ရပ်အဖြစ် ပုံဖော်လာပါက မွန်လူမျိုးတို့၏ ရိုးစင်းသော ရိုးရာယဉ်ကျေးမှုနှင့် သမိုင်းအစဉ်အလာ မြင့်မားမှုကို ထိခိုက်မှေးမှိန်စေမည်ဆိုပါက စိတ်မကောင်းဖွယ်ရာ ဖြစ်လာနိုင်ပါသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks