VPN အသုံးပြုမှုအပါအဝင် သတင်းအချက်အလက်ရရှိခွင့်ကို ကန့်သတ်လိုက်သည့် စစ်ကောင်စီ၏ ဆိုက်ဘာလုံခြုံရေးဥပဒေသည် တိကျရှင်းလင်းမှုမရှိသဖြင့် လူမှုကွန်ရက်အသုံးပြုသူများအတွက် အန္တရာယ်များနိုင်ကြောင်း ဒီဂျစ်တယ်အရေးလှုပ်ရှားနေသူများက သတိပေးပြောဆိုသည်။
စစ်ကောင်စီမှ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့က ဆိုက်ဘာလုံခြုံရေးဥပဒေကို ပြဌာန်းခဲ့ပြီး အဆိုပါဥပဒေသည် ဇူလိုင်လ ၃၀ ရက်နေ့မှစ၍ အာဏာတည်မြဲကြောင်း ထုတ်ပြန်ထားသည်။
ယခုပြဌာန်းထားသည့် ဥပဒေသည် စစ်ကောင်စီတပ်တို့၏ အကျိုးအမြတ်စီးပွားရေး၊ လုံခြုံရေး၊ အာဏာတည်မြဲရေးတို့ကို ကာကွယ်နိုင်ရန်အတွက်သာ လုပ်ဆောင်ထားပြီး တိကျရှင်းလင်းသည့် ဝေါဟာရနှင့် ပြစ်မှုပြစ်ဒဏ်များ တိတိကျကျပြောဆိုထားခြင်းမရှိကြောင်း မြန်မာအင်တာနက်ပရောဂျက် (MIP) မှ မီဒီယာတာဝန်ခံ ကိုသစ်ဉာဏ်က ပြောသည်။

“ဥပဒေထဲမှာဆို ဝေါဟာရတွေကို ကျယ်ကျယ်ပြန့်ပြန့်ဖွဲ့ဆိုသုံးစွဲထားပြီးတော့ ဒီဝေါဟာရတွေက တိကျရှင်းလင်းမှုမရှိပါဘူး။ ဒါတွေက အများပြည်သူတွေအတွက် အန္တရာယ်ရှိစေပါတယ်။ အနှစ်ချုပ် ပြောရရင် အများပြည်သူရဲ့ ဒစ်ဂျယ်တယ်အကျိုးစီးပွားကို ကြည့်ပြီးထုတ်ထားတာမဟုတ်ဘဲနဲ့ အများပြည်သူကို နှိပ်ကွပ်ဖို့၊ဖိနှိပ်ဖို့ ထုတ်ပြန်ထားတာလို့ပဲ မြင်ပါတယ်”ဟု ၎င်းက ဆိုသည်။
အဆိုပါ ဆိုက်ဘာလုံခြုံရေးဥပဒေတွင် ခွင့်ပြုချက်မရှိဘဲ အွန်လိုင်းလောင်းကစားစနစ် တည်ဆောက်ခြင်း၊ VPN ထူထောင်ခြင်း သို့မဟုတ် VPN ဝန်ဆောင်မှုပေးခြင်းများကို ပြုလုပ်ပါက ထောင်ဒဏ်တစ်လမှ ခြောက်လအပြင် ငွေဒဏ် ကျပ် ၁၀ သိန်းမှ သိန်း ၁၀၀ အထိ ချမှတ်နိုင်သည်ဟု ဖော်ပြထားသည်
သတင်းအမှန်စီးဆင်းမှုကို နှောင့်နှေးစေရုံသာမက ပြည်တွင်း၊ ပြည်ပရှိ ပြည်သူလူထုတစ်ဦးချင်းစီ၏ နေ့စဉ်လူနေမှု၊ စီးပွားရေးဘဝများ နောက်ဆွဲအနေဖြင့် ရင်ဆိုင်ရမည်ကို လူမှုကွန်ရက်အသုံးပြုသူများကြား စိုးရိမ်လျှက်ရှိသည်။
ယခုကဲ့သို့ ဆိုက်ဘာလုံခြုံရေးဥပဒေကို ပြဌာန်းလိုက်ပြီးနောက် ၇ လအကြာတွင် အာဏာတည်မြဲကြောင်း ပြောဆိုလိုက်ခြင်းသည် နိုင်ငံရေးအခင်းအကျင်းနှင့်လည်း များစွာသက်ဆိုင်ကြောင်း အထက်ပါ (MIP) တာဝန်ခံက သုံးသပ်ပြောဆိုထားသည်။
“ အခုလို အာဏာတည်ပြီးလို့ပြောလာတဲ့ချိန်မှာ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ဥပဒေပေါင်းများစွာကို ဒီရက်ပိုင်းမှာ ထုတ်လာတယ်။ နိုင်ငံရေးပါတီတွေကလည်း မြေပြင်မှာမဲဆွယ် စည်းရုံးရေး တွေလုပ်နေတယ်။ အဘက်ဘက်ရှုပ်ထွေးနေတဲ့ဒီအခြေအနေတွေမှာ အတားအဆီးလုပ်နိုင်ဖို့ ထိန်း ချုပ်နိုင်ဖို့ ကြိုတင်ပြင်ဆင်လာတယ်လို့ ကျွန်တော်တို့မြင်တယ်။ အာဏာတည်မြဲရေး၊ သူတို့ လိုချင်တဲ့အခင်းအကျင်းတစ်ခုကိုသွားရေး၊ သူတို့လိုချင်တဲ့ပုံစံတစ်ခုရအောင် ပြဌာန်းတယ်၊ ကျင့်သုံးတယ်လို့ ပြောနိုင်ပါတယ်”ဟု ဆိုသည်။

စစ်ကောင်စီ၏ ဘက်ပေါင်းစုံတွင် ဖိနှိပ်ခံနေရသည့် ပြည်သူတို့အတွက် သတင်းအမှန်ကို ရရှိရန်၊ ထုတ်ဖော် ပြောခွင့်ရှိလာစေရန် တော်လှန်ရေးအင်အားစုနှင့် အရပ်ဖက်လူ့အဖွဲ့အစည်းတို့က ဝိုင်းဝန်းဖြေရှင်းရန် လိုအပ်ကြောင်းလည်း တိုက်တွန်းထားသည်။
ဆိုက်ဘာလုံခြုံရေးဥပဒေ မထုတ်ပြန်ခင်ကပင် စစ်ကောင်စီက အင်တာနက်သုံးစွဲခွင့်ကို ကန့်သတ်လျက်ရှိပြီး မြန်မာအင်တာနက်ပရောဂျက် ( MIP )က စုဆောင်းထားသည့် အချက်အလက် များအရ ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံတစ်ဝှမ်း အင်တာနက်ဖြတ်တောက်မှု အကြိမ်ပေါင်း ၁၃၀ ကျော် ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။
မြေပြင်တွင်လည်း မွန်ပြည်နယ်အပါအဝင် နိုင်ငံအနှံ့ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များတွင် ဒေသခံနှင့်ခရီးသွားပြည်သူတို့၏ လက်ကိုင်ဖုန်းအတွင်းရှိ အချက်အလက်များကို အဓိကစစ်ဆေးနေပြီး ဖမ်းဆီးမှုလုပ်ဆောင်နေသည်။
၂၀၂၃ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပြည်သူများ မိမိ၏ခံယူချက်နှင့် ယုံကြည်မှုများကို လွတ်လပ်စွာ ပြောဆိုခွင့်အခြေအနေမှာ အတိအကျပင် ဆိတ်သုဉ်းသွားခဲ့ပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ အွန်လိုင်းမှတစ်ဆင့်တွင် ဝေဖန်သောကြောင့် စစ်ကောင်စီသည် အမျိုးသမီး ၆၅၇ ဦးအပါဝင် လူပေါင်း ၁၈၄၀ ဦး ဖမ်းဆီးထားကြောင်း Data for Myanmar က ထုတ်ပြန်ထားသည်။