spot_img
Sunday, March 1, 2026
More
    spot_img
    Homeသတင်းမွန်အမျိုးသားကောလိပ်တွင် ကျောင်းအဆောက်အဦးနှင့် လျှပ်စစ်မီးလိုအပ်ချက်များ ပိုမိုဖြည့်ဆည်းလာနိုင်

    မွန်အမျိုးသားကောလိပ်တွင် ကျောင်းအဆောက်အဦးနှင့် လျှပ်စစ်မီးလိုအပ်ချက်များ ပိုမိုဖြည့်ဆည်းလာနိုင်

    -

    မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ၊ ညီစားစခန်းတွင် ဖွင့်လှစ်ထားသည့် မွန်အမျိုးသားကောလိပ်(MNC)တွင် ယခုစာသင်နှစ်အတွင်း ကျောင်းအဆောက်အဦးနှင့် လျှပ်စစ်မီးလိုအပ်ချက်များကို ပိုမိုဖြည့်ဆည်းနိုင်ခဲ့ပြီး သင်ကြားရေးပိုင်းလည်းထိရောက်လာကြောင်း ကျောင်းတာဝန်ရှိသူများက ဆိုသည်။

    လျှပ်စစ်မီးအတွက် နေရောင်ခြည်စွမ်းအင် 24 kVA(kilovolt-ampere) စွမ်းအင်ပမာဏရှိသည့် ဆိုလာပြားများကို ပြီးခဲ့သည့် ဇူလိုင်လအစောပိုင်းတွင် တပ်ဆင်လာနိုင်ခဲ့ပြီး လျှပ်စစ်မီး(၂၄) နာရီ လည်ပတ်ရရှိနေပြီးဖြစ်သည်။

    ယခင်စာသင်နှစ်များအတွင်း ဆောက်လုပ်လာခဲ့သည့် ကျောင်းဆောက်အအုံများလည်း ယခုနှစ်တွင် အပြီးစီးဆောက်လုပ်နိုင်ခဲ့ပြီး စာသင်ခန်းအတည်တကျ ရှိလာသည့်အတွက် အတန်းချိန်အပြည့် စာသင်ကြားလာနိုင်ခဲ့သည်ဟု မွန်အမျိုးသားကောလိပ်ကျောင်းအုပ်ကြီး ဒေါက်တာပညာမွန်က ဆိုသည်။

    “မနှစ်ကတော့ လျှပ်စစ်မီးသေချာမရှိဘူး။ မီးစက်ပဲရှိတယ်ဆိုတော့ စက်ဖွင့်မှ လျှပ်စစ်မီးရတယ်။ ဒီနှစ်မှာတော့ ဆိုလာပြားတွေ တပ်လိုက်နိုင်တယ်။ နေရောင်ခြည်ကောင်းရင် ၂၄ နာရီမီးရတယ်။ အခုမိုးရွာနေတော့ အခက်အခဲတော့နည်းနည်းရှိတယ်။ နွေရာသီဆိုအဆင်ပြေတယ်။ မီးရလာတော့ ကျောင်းသားတွေကလဲ အချိန်မရွေးစာဖတ်နိုင်တယ်” ဟု ကျောင်းအုပ်ကြီးက ဆိုသည်။

    လက်ရှိတွင် အင်တာနက်ပုံမှန်ရရှိရန် စီစဉ်ဆောင်ရွက်နေဆဲဖြစ်သည့်အပြင် ဟောခန်း၊ ကားပါကင်၊ အားကစားခန်းမနှင့် ကျောင်းသားကျောင်းသူများ၏ အိပ်ဆောင်၊နားနေဆောင်များကို ဆက်လက်တိုးချဲ့ဆောက်လုပ်သွားရန်ရှိကြောင်း ဆက်ပြောသည်။

    ယခုစာသင်နှစ်အတွင်း သင်ကြား၊သင်ယူရေးလုပ်ငန်းများ ပိုမိုလွယ်ကူအဆင်လာကြောင်း၊ ကျောင်းသားကျောင်းသူများအတွက် များစွာအထောက်အကူဖြစ်လာကြောင်း မွန်အမျိုးသားကောလိပ်မှ တတိယနှစ်ကျောင်းသားတစ်ဦးက ဆိုသည်။

    “ပြီးခဲ့တဲ့နှစ်တွေကထက် အများကြီးပြောင်းလဲလာတယ်။ စားရေးသောက်ရေးလည်း အဆင်ပြေလာတယ်။ နေထိုင်ဖို့အတွက်ကလဲ အဆောင်တွေ စာသင်ခန်းတွေ တိတိကျကျချမှတ်ထားတယ်။ ပြီးရင် ကျောင်းပေါ်လစီကလဲ department ကိုယ်စီနဲ့ချထားတော့ အစီအစဉ်တကျဖြစ်နေတယ်။ နောက်ပြီး လျှပ်စစ်မီးကလဲ လုံလောက်လာတယ်။ အင်တာနက်အတွက်လည်း ဒီ semester မစခင် လိုင်းမကျအောင် ကျောင်းအတွက် လုံလောက်အောင် သုံးနိုင်ဖို့ တာဝန်ရှိသူတွေကစီစဉ်နေတယ်”ဟု ပြောသည်။

     မွန်အမျိုးသားကောလိပ်အတွင်း စာသင်ခန်းအဆောက်အဦးအတည်တကျမရှိခြင်း၊ လျှပ်စစ်မီးအချိန်မှန်မရရှိခြင်းနှင့် အင်တာနက်လိုင်းများ အားနည်းခြင်းကြောင့်  ယခင်စာသင်နှစ်များတွင် အတန်းချိန်အပြည့် စာမသင်ကြားနိုင်ခြင်းနှင့် သင်ခန်းစာများကိုလည်း ထိထိရောက်ရောက် မလုပ်ဆောင်နိုင်ခဲ့ပေ။

    သို့သော် လက်ရှိမိုးရာတွင် နေရောင်ခြင်စွမ်းအင်နည်းပါးသည့်အတွက် လျှပ်စစ်မီးအခက်ခဲအနည်းငယ်ရှိသည့်အပြင် ရေပြင်းအားကြောင့် သောက်သုံးရေအတွက် တောင်ပေါ်မှ သွယ်တန်းထားသည့် ရေပိုက်များ မကြာခဏပြတ်တောက်နေသည်ဟုလည်း ကျောင်းသားများက ဆိုသည်။

    ကောလိပ်အတွင်း အခြေခံလိုအပ်ချက်များကို ပိုမိုဖြည့်ဆည်းပေးလာနိင်သည်နှင့်အမျှ၊ ကျောင်းသားကျောင်းသူများအတွက် နိုင်ငံခြားပညာသင်ယူနိုင်မည့် အခွင့်အလမ်းများ ပိုမိုကျယ်ကျယ်ပြန့်ပြန့် ရရှိလာမည်ဟု ယုံကြည်ကြောင်းလည်း ကျောင်းအုပ်ကြီး ဒေါက်တာပညာမွန်က ပြောဆိုထားသေးသည်။

    ထို့ကြောင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမအောင်မြင်ခဲ့သည့် မွန်းအမျိုးသားအထက်တန်းကျောင်းမှ ကျောင်းသားလူငယ်များကို Pre-College Program မှ တစ်ဆင့် မွန်အမျိုးသားကောလိပ်သို့ တက်ရောက်ရန် ကြိုဆိုကြောင်းလည်း ဒေါက်တာပညာမွန်မှ တိုက်တွန်းထားသည်။

    ၂၀၂၂ ခုနှစ်မှ  စတင်ဖွင့်လှစ်ထားသည့် မွန်အမျိုးသားကောလိပ်တွင် လူမှုရေးသိပ္ပံဘာသာရပ်၊ ပညာရေးဆိုင်ရာ (စီမံခန့်ခွဲမှုနှင့်ဆရာအတတ်သင်) ဘာသာရပ်၊ ခေါင်းဆောင်မှုဆိုင်ရာ စီမံခန့်ခွဲမှုဘာသာရပ်၊ မွန်စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ ဘာသာရပ်၊ မီဒီယာနှင့် သတင်းဘာသာရပ်၊ သူနာပြုဘာသာရပ် နှင့် Information and Technology (IT) ဘာသာရပ်တို့ကို သင်ကြားပေးလျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks